
ယနေ့ နေ့လယ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်တို့တွင် လူငယ် ၃၀ ဦး ထက်မနည်းကို အကြမ်းဖက်စစ်တပ်က သေနတ်များ ပစ်ဖောက်၍ ရမ်းကားဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စမ်းချောင်းမြို့နယ်၊ မိုးမခလမ်း၊ တိုက်အမှတ် ၄၇ သို့ အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ မွန်းတည့် ၁၂ နာရီဝန်းဝန်ကျင်တွင် မီးတန်းကား ၁ စီး ၊ Double Cap ၁ စီး၊ ဖောကား ၁ စီး၊ အိမ်စီးကား ၃ စီး စုစုပေါင်း ကား ၆ စီး အင်အားအများအပြားဖြင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“မိုးမခလမ်းကို ဝင်ဖမ်းတာက သေနတ်ပါဖောက်တယ်။ လူစုအုံနေလို့ဆိုပြီးတော့ပြောတယ်။ လမ်းထဲကလူတွေကိုလည်း ချိန်းခြောက်သွားတယ်။ တိုက်ကမှန်တွေကိုလည်း ရိုက်ခွဲသွားတယ်။ သေနတ် ၂ ချက်ဖောက်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ပုဇွန်တောင် ရေကျော်မီးပွိုင့်အနီးတွင် အရပ်ဝတ်ရဲ ၃ ဦးက ကားတစ်စီးပေါ်မှ လူငယ် ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ဆွဲချပြီး ကားကိုပါ ယူဆောင်သွားကြောင်း သိရှိရသည်။
“ကျနော်တို့လည်း ကြောက်လို့ ဝပ်ပြီးပုန်းနေရတာ ဓာတ်ပုံတောင် မရိုက်လိုက်ရဘူး။ ကောင်လေး ၂ ဦးရဲ့ကားကိုလည်း ယူသွားတယ်” ဟု မျက်မြင်ကြုံတွေ့ရသူ ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ၀နရပ်ကွက်တွင်လည်း ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် လူငယ် ၁၃ ဦးကို နာရေးအိမ်တစ်ခုမှ ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးမှုကို လာရောက် တားဆီးသူများကို ပစ်ခတ်မည်ဟု အော်ဟစ်သွားကြောင်း ဒေသခံများက ဆိုသည်။
အလားတူ ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်း၊သကျမုနိ ဘုရားနား လက်ဖက်ရည်ဆိုင်မှ ပြည်သူ ၁၀ဦးခန့် ယနေ့ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ကြည့်မြင်တိုင်မှာ သူတို့ သတင်းပေးတစ်ဦး အသတ်ခံရလို့ အခု ရဲနဲ့ စစ်တပ်က မည်းမည်းမြင်သမျှ အကုန်လိုက်ဖမ်းနေတယ်။ ပစ်ခတ်သံတွေလည်းကြားရတယ်။ လူ ၁၀ ဦးလောက်တော့ ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယခင်က ညဘက်များတွင်သာ ဖမ်းဆီးမှုများ လုပ်ဆောင်နေရာမှ ယခုအခါ နေ့ဘက်များတွင်ပါ ရမ်းကား ပစ်ခတ် ဖမ်းဆီးမှုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။
ဓာတ်ပုံ- မေလအတွင်း ရန်ကုန်တွင် လုံခြုံရေးယူ ရမ်းကားနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ။