
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းတိုက်နယ်အတွင်း ကျန်ရှိနေသေးတဲ့ ကျောက်မဲစစ်ရှောင် သက်ကြီးရွယ်အို၊ ကလေး နဲ့ အမျိုးသမီးများအတွက် စားဝတ်နေရေးခက်ခဲနေသေးကြောင်း စုံစမ်းသိရှိရပါတယ်။
ထိုကျန်ရှိနေတဲ့ စစ်ရှောင်များနေထိုင်တဲ့ နေရာဟာ မြို့နဲ့ မိုင် ၅၀ ကွာ၀ေးပြီး အလှူရှင်များလည်း နည်းပါးတာကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း စစ်ဘေးရှောင် ကူညီပေးသူများက ပြောပါတယ်။
“ သူတို့နေတဲ့ နေရာကဝေးတယ်။ ရပ်စောက်နဲ့ဆို မိုင် ၅၀ လောက်ဝေးတယ်။ ဖြတ်လမ်းလည်း ၃၈ မိုင်လောက်ဝေးတယ်။ ပြီးတော့ လမ်းကလည်း ကြမ်းတယ်။ စစ်ရှောင်တွေအများစုတော့ အသက်ကြီးတဲ့သူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေပဲ ကျန်တာများတယ်။ သူတို့က အခု စားဝတ်နေရေးအတွက် ခက်ခဲတယ်” လို့ စစ်ရှောင်များကို သွားကူညီပေးတဲ့ စိုင်းဦး က ပြောပါတယ်။
အဆိုပါ စစ်ရှောင်များဟာ ဇန်နဝါရီလပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကာ လက်ရှိမှာ (၃၀)ဦးသာ ကျန်ရှိနေပြီး စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း သိရပါတယ်။
ကျန်ရှိနေတဲ့ စစ်ရှောင်များဟာ သက်ကြီးရွယ်အိုများ၊ ကလေးများ နဲ့ အမျိုးသမီးများသာ ကျန်ရှိကာ သွားလာရန်ခက်ခဲတာကြောင့် နောက်ထပ်တစ်နေရာသို့ ပြောင်းရွှေ့သွားခြင်းမပြုတော့ကြောင်း သိရပါတယ်။
“ကျန်နေတဲ့ စစ်ရှောင်တွေကတော့ ထပ်ပြေးဖို့ အားလည်း မရှိတော့ဘူးတဲ့။ သူတို့နေဖို့ တဲလေးဆောက်ဖို့တောင် မလွယ်ဘူး။ အများစုက ကလေးတွေ၊ လူကြီး ပြီးတော့ အမျိုးသမီးတွေဖြစ်တယ်လေ။ လူငယ်၊ အမျိုးသားတွေလည်း သိပ်မရှိဘူး။ သုံးဖို့ရေတွေလည်း အခက်ခဲရှိတယ်” လို့ စိုင်းဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်များဟာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ထွက်ပြေးလာသူများ ဖြစ်ကြပါတယ်။