
ယနေ့ နိုဝင်ဘာ ၁၃ရက် ညနေ၅နာရီအချိန်က မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်များမှ သိမ်းပိုက်ပြီးချိန်တွင် ရေစကြိုမြို့မှ စစ်ကူအဖြစ်ထွက်လာသော စစ်ကောင်စီ ဆိုင်ကယ် ခြောက်စီးနှင့် ကားတစ်စီးအပါအဝင် ခြေလျင်တပ်တို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပခန်းရဲစခန်းကို ယနေ့ နေ့လယ် ၁နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ပြီး စခန်းရှိရဲများ စခန်းကို စွန့်ခွာပြေးသွားအပြီး ညနေပိုင်းတွင် စစ်ကူလာသည့် စစ်ကောင်စီကား နှင့် ဆိုင်ကယ်များကို မိုင်း သုံးလုံးဆွဲကာ ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
“ရေစကြိုမှာ တပ်ရင်း သုံးရင်းရှိတယ် အခုက ဘယ်တပ်ရင်းကထွက်လာတာလဲတော့မသိဘူး၊ အင်အားက ၄၀လောက်တော့ရှိမယ်၊ စဉ့်ကိုင်နဲ့ ပခန်းငယ်နဲ့ကြားမှာ မိုင်း သုံးလုံးဆွဲလိုက်တယ်။ ကားကိုထိသွားတယ် အနည်းငယ်တော့မြောက်တက်သွားတယ်။ ထိတာက ၁၀ယောက်လောက်ထိသွားတယ်။ လူခြောက်ယောက်လောက်ကတော့မထနိုင်တော့ဘူး။ သေတယ်ပေါ့။ ဒဏ်ရာရတဲ့လူကတော့ နည်းနည်းများနိုင်တယ်။ ကားကတော့ လုံးဝကိုပျက်ဆီးသွားတယ်။ မောင်းလို့မရတော့ဘူး”ဟု Phonix ပြောက်ကျားတပ်ဖွဲ့ (ရေစကြို) အဖွဲ့က ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီမှ ခြောက်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း People Defense Force Yesagyo က ပြောသည်။ ယင်းတိုက်ခိုက်မှုကို People Defense Force Yesagyo၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ စစ်ကောင်စီ၏ ဆိုင်ကယ် ခြောက်စီး၊ ကား တစ်စီး ခြေလျင်အပါအဝင် အင်အား (၄၀)ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ပုံစာ- ယနေ့ နံနက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုခံရသော ပခန်းရဲစခန်းမြင်ကွင်း။