
မကွေးတိုင်း၊ ရေစကြိုတွင် NLD ထောက်ခံသူနှင့်အမာခံ တက်ကြွလှုပ် ရှားသူ တစ်ဦး၏ နေအိမ်ကို ယမန်နေ့ ညပိုင်း ပါဆယ်ဗုံးပစ်ခံရပြီး အမျိုးသမီး ၃ ဦးနှင့်အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် ရေစကြိုမြို့နယ် သတင်းပြန်ကြားရေးက ပြောဆိုသည်။
ရေစကြိုမြို့ အမှတ် ၁၊ ထင်းတန်းရပ်ကွက်တွင် နေထိုင်သော NLD အမာခံ တက်ကြွလှုပ်ရှားသူ ကိုအေးလှိုင်နှင့် မမာစီ နေအိမ်အတွင်းသို့ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁၀ နာရီ ၂၅ အချိန် လာရောက်ပစ်ထည့်သွားသော ပါဆယ်ထုပ်ကို ပံ့သကူ လာပစ်သွားသော ပစ္စည်းထုပ် အထင်ဖြင့် ဖွင့်ဖောက်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကိုအေးလှိုင် (၅၂ နှစ်) ၊ဇနီး မမာစီ (၄၅ နှစ်)၊ သမီးဖြစ်သူ မအေးသင်း (၂၀ နှစ်) နှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်စီ (၄၇ နှစ်) တို့သေဆုံးသွားကြောင်း၊ အမျိုးသမီး ၃ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်၍ ကိုအေးလှိုင်မှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပါဆယ်ထုပ်ကို ဆိုင်ကယ်သမားတစ်ဦးက လာရောက်ပစ်သွားခြင်းဖြစ် ကြောင်း၊ ရပ်ကွက်နေသူအချို့ကမူ ပျူဒလန်စောထီးများ၏ လက်ချက်ဟု ရေစကြိုမြို့နယ်သတင်းပြန်ကြားရေးက ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ကိုအေးလှိုင်နှင့်မိသားစုသည် NLD အောင်နိုင်ရေး ကာလတလျှောက်တွင် တက် ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး NLD ၏ အမာခံထောက်ခံ တက်ကြွလှုပ်ရှားသူဖြစ်ကြောင်း သိရှိရသည်။