
ဒီနေ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲ နဲ့ ကတွဲရွာကြားက ထားဝယ်-မြိတ်ကားလမ်းမမှာ ရဲတွေလိုက်ပါလာတဲ့ကားတစ်စီးမိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ နံနက် ၁၀ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သေနတ်သံတွေဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပေါက်ကွဲသံနှစ်ချက်ကြားရတယ်။ သေနတ်သံတွေက ဆက်တိုက်ပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်သံက အပြန်အလှန်ပစ်ခတ်နေတာမျိုးမဟုတ်ဘဲ ရမ်းသမ်းပစ်ခတ်နေတာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိုင်းဆွဲခံရလို့ ကားအရှေ့ပိုင်းပျက်စီးခဲ့ပြီး ယူနီဖောင်းဝတ်ထားတဲ့ရဲ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တစ်ဦးသေဆုံးတယ်လို့ ကြားရပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲတွေဟာ မွန်းလွဲ တစ်နာရီဝန်းကျင်အထိ ခြောက်လှန့်ပစ်ခတ်တာတွေ ရှိခဲ့ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလည်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။