
သဃ်န်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအားဖမ်းရန်လာသော ရဲကားများအား YBS ဘတ်စ်ကားဖြင့်ပိတ်ကာ တားဆီးခဲ့သည့် ယာဉ်မောင်းကိုကျော်ခိုင်၀င်းကို မတ်လ ၃၀ ရက်တွင် ပုဒ်မ ၅၀၅ (က)ဖြင့်ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း ၎င်း၏ဇနီးဖြစ်သူကပြောသည် ။
၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်တွင်ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ကိုကျော်ခိုင်ဝင်းမှာ ထိုနေ့တွင်ပင်ဖမ်းဆီးခံခဲ့ရကာ တစ်နှစ်ကျော်အကြာတွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည် ။
ကိုကျော်ခိုင်ဝင်၏ဇနီးဖြစ်သူအေးမိစံက ” အဲ့ဒီနေ့ကလည်းအဆင်မပြေလို့သာအလုပ်ထွက်လုပ်ရတာ ကားကသုံးစီးထွက်တယ် ၂စီးကလွတ်သွားတယ် သူတစ်စီးပဲကျန်ခဲ့တယ် ။ လူအုပ်ကြီးက ကားဆရာရပ်ပေးပါဆိုပြီးတော့ပြောတော့ သူလဲကားကို လမ်းပေါ်ကန့်လန့်ရပ်လိုက်တာ “ဟု ခင်ပွန်းဖြစ်သူအဖမ်းခံခဲ့ရသည့်ဖြစ်စဉ်ကိုပြောသည် ။
ကိုကျော်ခိုင်ဝင်းတွင် ၁၁ နှစ်အရွယ်သားတစ်ဦး ၊ တစ်နှစ်နှင့် ငါးလအရွယ် သမီးတစ်ဦးရှိပြီး ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံထားရ၍ မိသားစုစားဝတ်နေရေးခက်ခဲနေကြောင်း ဇနီးဖြစ်သူ ကပြောသည် ။
“စားဝတ်နေရေးကတော့ အခက်အခဲဖြစ်တယ် အကြွေးတွေနဲ့အဆင်မပြေတော့လေ ယူစားရင်းစားရင်းနဲ့အကြွေးတွေတက် စိတ်ညစ်စရာအဲ့ဒါတော့ရှိတယ် “ဟု မအေးမိစံကပြောသည် ။
သက်ြန်ကာလအပြီး လွတ်ငြိမ်းချမ်းသာခွင့်တွင်ခင်ပွန်းဖြစ်သူပြန်လည်လွတ်မြောက်လာရန်မျှော်လင့်ကြောင်း သူကဆိုသည် ။
“သက်ြန်လွတ်ငြိမ်းကို ပါလာခဲ့ရင်ပို၀မ်းသာတယ် ၊ မပါလာခဲ့ရင်ပိုစိတ်ဆင်းရဲစိတ်ပင်ပန်းမယ် ဘာလို့ဆိုသားအမိတွေ ဘယ်လိုလုပ်ကိုင်စားသောက်ရမလဲဆိုတာကိုပဲ အဲ့ဒါကိုပဲအမြဲတမ်းစိတ်က ရောက်နေတယ် ။အကြွေးကတော်ရုံမချေးဘူး ယောကျာ်းမရှိတော့ညမကိုတော်ရုံကူညီမယ့်သူမရှိဘူး “ဟု မအေးမိစံကပြောသည် ။
ကိုကျော်ခိုင်ဝင်းသည် ယခင်ကလည်း ယာဉ်နောက်လိုက် ကတဆင့်ယဉ်မောင်းလုပ်ကာ မိသားစုကိုရှာဖွေကျွေးမွေးခဲ့သူဖြစ်သည် ။ လက်ရှိတွင်အကျဉ်းထောင်အတွင်း၌ ကျန်းကျန်းမာမာပင်ရှိကြောင်း ဇနီးဖြစ်သူကဆိုသည် ။