
စစ်ကိုင်း ရွှေဘိုမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးသည်ဟုဆိုကာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အသက် ၁၇ နှစ်အရွယ် ကိုထွန်လွင်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရွှေဘိုဒေသခံများက ပြောဆိုသည်။
“ထွန်းလွင်ဦးက ဇာတိက ကောလင်းက ။ ရွှေဘိုမှာ ကုန်တင်ကုန်ချအလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးနေတဲ့ ကလေး။ အသက်ကလည်း ၁၇ နှစ်ပဲ ရှိသေးတယ်။ သူက ရှေ့က မောင်းတာ ။ တွေ့တာနဲ့ တန်းပစ်တာ။ နောက်က ထိုင်တဲ့ ကိုပြည်စုံဦးကိုတော့ ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်မောင်းနှင်သည်ကို တွေ့ရှိသည်နှင့် စစ်တပ်က တန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်သတ်ခံရသည့် နေရာမှာ ရွှေဘိုမြို့ ရွှေပြည့်အိမ်ဘီယာဆိုင်နားတွင် ဖြစ်သည်။
“ကင်းရှေ့မဟုတ်ဘူး။ စစ်ခွေးတွေက အရပ်ဝတ်နဲ့ အုပ်စုလိုက်လှည့်နေတာ တွေ့တာ တန်းပစ်တာ။ စစ်ဆေးမေးမြန်းမရှိဘဲ တန်းပစ်သတ်တာ။ ကလေးတွေကို PDF ဆိုပြီး မသင်္ကာလို့ ရပ်ခိုင်းပြီး စစ်ဆေးမေးတာမျိုးလည်း မဟုတ်ဘဲနဲ့ အလုပ်က ပြန်လာတာကို တွေ့တာနဲ့ တန်းပစ်တာ။ ဒါ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး”ဟု ရွှေဘိုမြို့နေထိုင်သူတစ်ဦးက ဖြစ်စဉ်ကို ပြောပြသည်။
ရွှေဘိုတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးသည့်အတွက်ဟုဆိုကာ စစ်တပ်က ပစ်သတ်နေမှုသည် ကိုထွန်းလွင်ဦးအပါအဝင် ၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဖမ်းဆီးခံထားရသည့် ကိုပြည့်စုံဦးမှာလည်း လက်ရှိအချိန်အထိ မိသားစုနှင့် တွေ့ခွင့်မရဘဲ မည်သည့်နေရာသို့ ဖမ်းခေါ်သွားသည်ကို မသိရှိရသေးပေ။
ပုံ – စစ်တပ်က ပစ်သတ်ခံရသည့် ကိုထွန်းလွင်ဦး အသက်(၁၇) နှစ် ရုပ်အလောင်း။