
ရှမ်းမြောက်၊ ကိုးကန့်ဒေသသို့ စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ် ယာဉ်တန်းအား သိန္နီနှင့် မုံးကိုးမြို့နယ်များအတွင်း ကိုးကန့် MNDAA တပ်က ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကား ၉ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၁ ရက် ယမန်နေ့ နံနက်ပိုင်းတွင် သိန္နီခရိုင်၊ နမ့်စလပ်မှတဆင့် ကိုးကန့်၊ ကွမ်းလုံဒေသသို့ စစ်ကူလာသော စစ်ကား ၂၈ စီးကို MNDAA က ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကား ၂ စီး ပျက်စီးသွားကြောင်း၊ ညနေ ၃ နာရီ ၅၇ မိနစ်တွင် ၃၇ မိုင်နှင့် ၃၈ မိုင်ကြားတွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို MNDAA က ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကား ၅ စီး ကို ဖျက်ဆီးလိုက်နိုင်ကြောင်း သိရှိရသည်။
အလားတူ မုံးကိုးဒေသ၊ ဟွာချောင်ရှာ စွန်းတောင်ကုန်းတွင် စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် မုံးကိုးခရိုင်၊ ပန်ရင်လပရှိ MNDAA စခန်းကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ်မှ ဆိုသည်။
ယင်းအပြင် မုံးကိုးခရိုင်၊ မန်ဖာဒေသနှင့် သိန္နီခရိုင်၊ ပန်လုံရွာတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ကျဆုံးမှုစာရင်းအား ထုတ်ပြန်ထားခြင်း မရှိပေ။
မုံးကိုးနှင့် ဖောင်းဆိုင်ကြားရှိ MNDAA ၏ တပ်ခွဲ ၃ ခု တပ်စွဲရာ ရှေ့တန်းစခန်း ၃ ခုကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ဆုတ်ခွာကြောင်း MNDAA ပြောခွင့်ရ လီထျန်းဖူမှ ပြောဆိုထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။
ဓါတ်ပုံ – MNDAA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)