
စစ်ကိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်လမ်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ ကားတစ်စီးကို ယမန့်နေ့ ညပိုင်းတွင် မိုင်းဆွဲတိုက်တိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင်အချို့ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်း ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်း ပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခြင်း ဖြစ်ပြီး စစ်ကောင်စီ လက်နက်ကိုင် အနည်းဆုံး နှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
“ညက ၁ဝနာရီကျော်မှာ ဝက်လက်မြို့နယ် အရှေ့ထွက်တဲ့ လမ်းပိုင်းခေါ်မှာပေါ့။ သစ်ဆိမ့်လမ်းနားမှာ ကင်းလှည့်ထွက်လာတဲ့ စကစ တပ်က ကားတစ်စီး မိုင်းထိတယ်။ နှစ်ယောက်ကတော့ တော်တော် ထိသွားတယ်။ ဆေးရုံခေါ်သွားတော့ သေ၊မသေ မသိရေသးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာ(၆)ရက် ညနေပိုင်းကလည်း ဝက်လက်မြို့နယ် သားနားကျေးရွာရှိ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး၊ ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင် သင်တန်းဆင်းထားသူ သားအဖနှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီကလည်း ရွှေဘိုနယ်တကြောရှိ ဝက်လက်၊ ရေဦး၊ ခင်ဦး စသည့် မြို့နယ်များရှိ ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ ဒေသခံအချို့ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။