
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဘုရားပြန်တောင်ဘက်အနီး ဆားတောင်မြို့နှင့် ရွာသာကြီးကြားမှာ ဒီဇင်ဘာလ ၈ရက်၊ ည ၁ဝနာရီ ၁၅မိနစ်အချိန်တွင် စစ်ကိုင်းကနေ ရွှေဘိုဦးတည်လာသည့် စစ်ကောင်စီထောက်ပို့ယာဉ် ဒိုင်နာ အဖြူရောင် ၁စီးကို မြင်းဖြူရှင်ပြောက်ကြားအဖွဲ့မှ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြင်းဖြူရှင်ပြောက်ကြားအဖွဲ့မှ ရှော့တိုက်ဒုံး ၂လုံးနှင့် စတင်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီထောက်ပို့ကား လမ်းဘေးထိုးစင်းသွားပြီးခေတ္တရပ်တန့်ခဲ့ပါတယ်။
ယာဉ်မောင်းထိခိုက်သွားပြီး ဆက်လက်မောင်းနှင်ရာ၌ အမြန်မောင်းနှင်နိုင်ခြင်းမရှိတော့ဘူးလို့သိရပြီး ချက်ချင်းပဲ မိုင်း၄လုံးဆွဲတိုက်ခိုက်ခံရပါတယ်။
ကားနောက်ပိုင်းအုပ်ထားတဲ့မိုးကာမီးလောင်သွားပြီး ကုန်မပါပဲ တပ်သား၁၀ဦးခန့်ပါလာတယ်လို့သိရပါတယ်။
တပ်သားတွေထိခိုက်နိုင်တယ်၊ တိုက်ခိုက်ပြီးချက်ချင်းတိမ်းရှောင်ခဲ့တဲ့အတွက် အထိအခိုက်ကိုအတိအကျမပြောနိုင်ဘူး လို့ ပြောက်ကြားအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။
ဒီဇင်ဘာလ ၈ရက် မနက် ၃နာရီ ၁၅မိနစ် က စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာမှာပဲ ထပ်မံဖြစ်ပွားခဲ့တာပါ။