
ရှမ်းမြောက် သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု ပုံဖမ်းရွာခံ အမျိုးသား ၂ ဦးဟာ မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦးက ဒဏ်ရာပြင်းထန်ပြီးတော့ ဆေးကုသစရိတ် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ အိုက်အောင် (၂၅ နှစ်)နဲ့ လှဝင်း (၂၄ နှစ်)တို့ဟာ ကျေးရွာစာသင်ကျောင်းရဲ့ အနောက်ဘက်မှာ ထင်းသွားခွေရာကနေ မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစတွေ ထိမှန်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။
သွားရောက် သယ်ဆောင်လာပေးတဲ့ သီပေါ ဘော်ကြိုပရဟိတ အဖွဲ့ဝင်တစ်ဦးက
“ကျနော်တို့အသင်းက သူတို့အိမ်အထိ သွားသယ်ပေးတယ်။ ပြောတာကတော့ သူတို့နှစ်ယောက် ထင်းသွားခွေရင်းနဲ့ ခေါ်သွားတဲ့ ခွေးက အရှေ့အရင်သွားတာ ခွေးက အဲမိုင်းကို နင်းမိတယ်။ ခွေးက တစ်ခါတည်း ပွဲချင်းပြီး သေသွားတယ်။
သူတို့နှစ်ယောက်ကတော့ မိုင်းအစတွေ ထိသွားတယ်” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစတွေ ထိမှန်တဲ့ အိုက်အောင်ဟာ ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး လှဝင်းကတော့ ရင်ဘတ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
အိုက်ဝင်းရဲ့ မိသားစုဟာ စားဝတ်နေရေးအတွက် အခက်အခဲရှိသလို ၎င်းဟာ သားသမီး ၅ ဦးနဲ့ ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီးကို ရှာဖွေကျွေးမွေးပေးနေရသူဖြစ်ပါတယ်။
“ဦးအိုက်အောင်က ဒဏ်ရာမပြင်းလို့ သီပေါဆေးရုံ ပို့ပေးပြီး အိမ်ပြန်ပို့ပေးတယ်။ ဦးလှဝင်းက ရင်ဘတ်တွေမှာ မိုင်းအစတွေရှိလို့ သီပေါဆေးရုံကနေ လားရှိုးဆေးရုံကို ကောင်းမှုရှင် ပရဟိတအသင်းက ပို့ပေးလိုက်တယ်။ ဦးလှဝင်းတို့ မိသားစုက သူတို့အိမ်မှာလည်း ဘာမှအဆင်မပြေဘူး။ ဘာမှ မရှိကြဘူး။ ဆေးကုသဖို့အတွက်လည်း အခက်အခဲရှိပြီး အကူအညီ လိုအပ်နေတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
သီပေါဒေသရှိ ကျေးရွာအနီးတစ်ဝိုက်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းတပ်မတော်(TNLA) ပူးပေါင်းတပ်နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြတဲ့နေရာ ဖြစ်ပါတယ်။