
ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်အစောပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့လယ်ခေါင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ပြည်နယ်ရဲအရန်တပ်ရင်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး CNF ထံမှ သိရှိရသည်။
“ဟားခါးမြို့လယ်ခေါင်မှာရှိတဲ့ ချင်းပြည်နယ် အရံ ရဲတပ်ရင်းကို မနက်အစောပိုင်း ၆ နာရီခွဲမှာ ဝင်ပစ်တယ်။ အဲဒီမှာ သူတို့စစ်ကောင်စီတပ်သားတွေလည်းရှိတယ်၊ ရဲတွေလည်းရှိတယ်။ ၇ ယောက်သေဆုံးတယ်၊ စစ်သား ဘယ်နှစ်ယောက် ရဲဘယ်နှစ်ယောက်ဆိုတာတော့ မသိဘူးပေါ့” ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုသည်။
ချင်းပူးပေါင်းတပ်ဖွဲ့က အဆိုပါ စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ယနေ့ နံနက်အစောပိုင်း အလစ်ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိခင် အလျင်အမြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
“မနက်အစောပိုင်း အလစ်နဲ့ဝင်တိုက်တာဆိုတော့ သူတို့ဘာမှ ပြန်မလုပ်နိုင်ဘူး၊ သူတို့တွေ သွားတိုက်၊ မျက်နှာသစ်တဲ့ အချိန်ဖြစ်နေတယ်။ အဲဒီနေရာက မြို့လယ်ခေါင်ပဲ NLD ပြည်နယ်ရုံးရှိတယ်၊ အခုကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်နေနေတာပေါ့။ ကျနော်တို့က အချိန်တိုအတွင်း ဝင်ပစ်တယ်၊ ပြီးတော့ ဆုတ်ခွာလာတယ်” ဟု ဆလိုင်းထက်နီက ဆက်လက်ပြောဆိုသည်။
နို၀င်ဘာလ ၆ ရက်နေ့တွင်လည်း ဟားခါးမြို့အထွက် ကျောဘုတ်စစ်ဆေးရေးဂိတ်နှင့် ဟားခါးမြို့မရဲစခန်းအနောက်ဘက် ဟာခါး-ဒိုချီမ်လမ်းအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တို့အား ချင်းပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့သည်။
ဓါတ်ပုံ – ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)