
ချင်းပြည်နယ်၊ မတူပီမြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို လာကြိုတဲ့ မတူပီအခြေစိုက် ခလရ ၃၀၄ ကတပ်သားတွေ မတ်လ ၃၁ ရက် ဒီနေ့တရက်တည်းမှာပဲ ၂ ကြိမ်တိုက်ခိုက်ခံရပြီး၊ စစ်သား ၁၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်အား ၈၀ ကျော်ပါတဲ့ အဲ့ဒီတပ်သားတွေကို CDF – မတူပီအဖွဲ့က ချန်းပြန်းရွာသစ်နဲ့ ချန်းပြန်းရွာဟောင်း ကြားတလျောက်မှာ မနက် ၇ နာရီခွဲလောက်မှာ ၁ ကြိမ်၊ ၁၀ နာရီလောက်မှာ ၁ ကြိမ် စုစုပေါင်း ၂ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ၂ ကြိမ်စလုံး အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ CDF – မတူပီ တာဝန်ခံက ပြောပါတယ်။
“ ၇ နာရီ ၂၅ မိနစ်ကနေ တိုက်ပွဲဖြစ်ပြီးတော့ ၇ နာရီ ၄၀ မိနစ်ထိ တိုက်ပွဲဖြစ်ပြီး၊ သူတို့ဘက်က ၁၁ ယောက်လောက် ကျဆုံးပြီးတော့ လေးငါးယောက်ထိခိုက်ဒဏ်ရာရတယ်၊ သူတို့ပြန်ဆုတ်ပြီး အင်အားပြန်ဖြည့်တယ်၊ မနက်ပိုင်း ၉ နာရီ ၁၀ မိနစ်မှာ နောက်တကြိမ်ထိုးစစ်ဆင်လာတယ်၊ ၉ နာရီ ၁၀ မိနစ်ကနေ ၉ နာရီ ၅၀ မိနစ်ထိတိုက်ပွဲဖြစ်တယ်၊ အဲဒီတိုက်ပွဲမှာ ခလရ ၃၀၄ တပ်က ၃ ဦးကျဆုံးပြီးတော့ ဒဏ်ရာရရှိသူတွေရှိတယ်၊ “ လို့ သူကပြောပါတယ်။
မတ်လ ၃၀ ရက် မနေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မတူပီ – မင်းတပ်လမ်းပိုင်းတနေရာမှာ CDF – မတူပီ ထောင်ထားတဲ့ မိုင်းတွေနင်းမိတဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး၊ ဒီဖြစ်စဥ်နဲ့ပက်သက်တဲ့ နောက်ဆွဲတွဲအခြေအနေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။