
ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်တွင် နိုင်ငံရေးအကျဉ်းသား ကျောင်းသားများက ဦးဆောင်ပါဝင်ခဲ့ကြပြီး အစာငတ်ခံဆန္ဒပြခဲ့ရာမှာ အပြင်း အထန်ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရကြောင်း ဗကသများအဖွဲ့ချုပ်၏ အရေးပေါ် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဗဟိုအလုပ် အမှုဆောင် ကိုဇော်ထက်နိုင်(ခ) ကိုဆစ်နိုင်၊ ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုသုတစိုး၊ ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသည် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက် နှိပ်စက်ခံထားရပြီး တိုက်ပိတ်ခံထားရကြောင်း သိရှိရသည်။
ထိုအထဲတွင် ဗကသကျောင်းသား ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ-ဒုဥက္ကဌ ကိုဇော်ထက်နိုင်(ခ)ဆစ်နိုင်သည် လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုမှာ ပါ၀င်ခဲ့သည့်အတွက်ထောင်အတွင်း နှိပ်စက်မှုများကြောင့် သတိလစ်မေ့မျောနေကြောင်းသိရှိရပြီး ယခုအချိန်ထိ ဆေးကုသမှု တစုံတရာမရှိသေးကြောင်း သိရှိရသည်။
အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော နိုင်ငံရေးအကျဉ်း သား ၈၉ ဦးကို အကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားသည်ဟု သိရသည်။
ဗကသများအဖွဲ့ချုပ်က လက်ရှိ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပြင်းအထန်ရိုက်နှက် တိုက်ပိတ်ခံနေရမှုနှင့်ပတ်သက်ပြီး
၁။ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး
၂။ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအချုပ်သားများ၏ ကျန်းမာရေး၊ လုံခြုံရေးစသည့် အခွင့်အရေးများရရှိရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် ပြည်သူလူထုတရပ်လုံးထံ မေတ္တာရပ်ခံထားသည်။
ထောင်တွင်းရဲဘော်များ၏ လက်ရှိအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း၊ သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်နေကြသော လူထုတရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ်မူတည်၍ ထောင်တွင်းရဲဘော်များကို ဝန်းရံကူညီပေးကြပါရန် အလေးအနက်ထား တိုက်တွန်းကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
“အခုလက်ရှိ အသံတိတ်သပိတ်တင်မဟုတ်တော့ဘူး။ အစာငတ်ခံ ဆန္ဒပြတာတွေပါ ရှိနေတော့ အခြေအနေက စိုးရိမ်စရာကောင်းပါတယ်။ ထောင်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ အရိုက်ခံရတာ၊ သတိလစ်နေတယ်ဆိုတာတွေတောင် ၃ ရက်၊ ၄ ရက်ကြာမှ သတင်းထွက်လာတာ။ ထောင်အာဏာပိုင်တွေက အလွန်အကျူးလုပ်တယ်၊ စစ်တပ်ပါဝင်ပတ်သက်နေတယ်ဆိုတာတွေလည်း ကျနော်တို့ကြားနေရတယ်” ဟု အင်းစိန်ထောင်အတွင်းအခြေအနေကို တောက်လျှောက်စုံစမ်းနေသော တော်လှန်ရေး တက်ကြွ လူငယ်တစ်ဦးက ပြောဆိုသည်။