
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ တောင်ပျောက်တိုက်နယ်က ပြည်သူ ၁၀ ဦးကို ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့က၊ မတ်လ ၃၀ ရက် မနက်စောစောမှာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၅၀ ဝန်းကျင် ဝင်ရောက်လာခဲ့ပြီးနောက် ညနေပိုင်းမှာ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူတွေဟာ ဝင်းကဖော်ရွာအနောက်ဖက်ကမ်းရွာက ရွာသားဆယ်ယောက်ဖြစ်ပြီး အကြောင်းမဲ့ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“သူတို့ရှောင်ရင်းနဲ့ပဲ အဖမ်းခံထိတာဗျာ။ သူတို့က သူတို့ရဲ့တဲမှာပဲ နေနေတာပါ။ စစ်တပ်ကရောက်လာပြီး ဖမ်းသွားတာပါဗျာ” လို့ ဒေသခံက ဆိုပါတယ်။
ဒီနေ့မနက်မှာတော့ ဖမ်းခံရတဲ့ ဆယ်ဦးလုံးပြန်လွတ်လာပါပြီ။
တောင်ပျောက်နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ကျွဲခြံ ၊ ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲရွာလေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို အခုအချိန်အထိ ရှောင်ပြေးနေကြရဆဲပါ။
လက်ရှိမှာ စစ်ရှောင်ဒေသခံတွေရဲ့ စားဝတ်နေရေးကို စစ်ရှောင်အထောက်အကူပြုရေးအဖွဲ့တွေက ကူညီပေးနေတယ်လို့သိရပါတယ်။
ပုံစာ – ထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူများ