
အမေရိကန်ဒေါ်လာများ ရောင်းဝယ်လဲလှယ်ရာတွင် နိုဝင်ဘာ(၁၀)ရက်မှ စတင်၍ ၎င်းတို့ သတ်မှတ်ပေးသည့် နှုန်းထက် ၀ ဒသမ ၅ ရာခိုင်နှုန်း အတွင်းသာ ဈေးခွာ၍ အရောင်းအဝယ် လုပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က နိုဝင်ဘာ(၉)ရက်တွင် ကန့်သတ်ချက် ထုတ်ပြန်သည်။
၄င်းတို့ သတ်မှတ်ချက်ချက်ကို ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူ ဥပဒေအရ အရေးယူမည်ဟုလည်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။
အမေရိကန်ဒေါ်လာများ ရောင်းဝယ်လဲလှယ်ရာတွင် ပြင်ပစျေးကွက် ပေါက်စျေးအတိုင်း မဟုတ်ဘဲ ဗဟိုဘဏ်က စျေးနှုန်းသတ်မှတ်ပေးသည့် စနစ်ကို ယခင် ရွေးကောက်ခံ အရပ်သားအစိုးရများ လက်ထက်ကတည်းက ကျင့်သုံးခဲ့ရာမှ အာဏာသိမ်းပြီးနောက် စက်တင်ဘာ(၁၀)ရက်တွင် ယင်းစနစ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသော ဗဟိုဘဏ်က ကြေညာခဲ့သည်။
ထိုသို့ ကြေညာပြီး နှစ်လအကြာတွင် ယခုကဲ့သို့ ၄င်းတို့သတ်မှတ်နှုန်းအတိုင်းသာ ရောင်းဝယ်ကြရန် ပြန်လည်သတ်မှတ်ခြင်း ဖြစ်သည်။
“ဒီလိုလုပ်တာ ဒေါ်လာမှောင်ခိုဈေးကွက်ကို ပြန်ဖြစ်စေချင်ပုံ ရတယ်။ အခုတလော ဒေါ်လာဈေးက ကျပ် ၁၉၅၀ လောက် ငြိမ်နေတာကို လှုပ်ခပ်အောင် ထပ်လုပ်တယ်လို့ မြင်ပါတယ်”ဟု ငွေလဲကောင်တာ ပိုင်ရှင်တစ်ဦးက ပြောသည်။
ပြင်ပပေါက်ဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်(၁၉၄၀) ပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ကျပ်(၁၇၇၅)သာ စျေးဖွင့်ထားသည်။
“ပို့ကုန်ရငွေတွေ ပြန်ဝင်လာခါနီး အချိန်မှာ အခုလို ဒေါ်လာဈေးကို သူတို့သတ်မှတ်တဲ့ နှုန်းအတိုင်း ရောင်းရအောင် အဓမ္မ အနိုင်ကျင့် လိုက်တာပဲ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် (၂၈၀၀)ကျပ်အထိ မြင့်တက်လာပြီးနောက် စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းကို အမိန့်အာဏာသုံးကာ ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး ပို့ကုန်ရငွေများကို ရက်ပေါင်း(၃၀)အတွင်း မဖြစ်မနေ ပြည်တွင်းဘဏ်များသို့ ရောင်းချရန်လည်း ဖိအားပေးခဲ့သည်။
ယခင် အာဏာသိမ်း န.အ.ဖ လက်ထက်ကလည်း အမေရိကန်ဒေါ်လာ စျေးကို တစ်ဒေါ်လာလျှင် (၆)ကျပ် နှုန်းသာ သတ်မှတ်ခဲ့ပြီး ယင်းသတ်မှတ်ချက်ကို ၂၀၁၁ နောက်ပိုင်းမှသာ ပြန်လည်ပြင်ဆင်သတ်မှတ် နိုင်ခဲ့သည်။