
အလွတ်တမ်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်း သားသမဂ္ဂများမှ မဆုရည်လင်း (ခ) လင်းလင်း တို့အား အကြမ်းဖက်စစ်တပ်၏ အင်းစိန်ထောင်တွင်း တရားရုံးမှ မတ်လ ၃၁ရက်တွင် အလုပ်နှင့်ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ယနေ့ထုတ်ပြန်သည်။
ကိုဇော်လင်းထွဋ် နှင့် မဆုရည်လင်းတို့ သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေတွင် သပိတ်ဆန္ဒပြပွဲ တစ်ခုသို့ အသွား လမ်းခရီးတွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ ကဖြင့် တရားစွဲဆိုကာ ဖမ်းဆီးခံရပြီး သုံးလအကြာတွင် မတရားအမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။ကိုဇော်လင်းထွဋ်(ခ)ဖိုးသားသည် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၉ခုနှစ်က နိုင်ငံတော်အကြည် ညို ပျက်စေမှုပုဒ်မဖြင့် စစ်တပ်က တရားစွဲဆိုခံခဲ့ရပြီး အကျဉ်းထောင်တွင် ၁နှစ် ၂လနှင့် ၄ရက်နေခဲ့ရကာ ၂၀၂၀ခုနှစ် ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ဦးဖြစ်ပြီး အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။
ယင်းအပြင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌ တစ်ဦးဖြစ်သူ မဆုရည်လင်း(ခ)လင်းလင်းသည် အကျဉ်းထောင် အတွင်း ကျန်းမာရေးမကောင်းသည့် အခြေအနေဖြစ်ပေါ်နေခြင်းကြောင့် စိုးရိမ်ရကြောင်း အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။”လွန်ခဲ့သော ၃ ပတ်အတွင်းက မဆုရည်လင်းဆီသို့ ပေးပို့သော ပါဆယ်ထုပ်များလည်း မရောက်ကြောင်းကိုလည်း မိသားစုဝင်များထံမှ သိရှိရပါတယ်။
ယခုအချိန်ထိ မဆုရည်လင်းသည် မိသားစုဝင်များနှင့် မတွေ့ဆုံရသေးဘဲ မိသားစုမှ ပါဆယ်ထုပ်သီးသန့်သာ ပို့ပေးနေရပါသေးတယ်။”ဟု အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ပြော ဆိုထားသည်။ယင်းအပြင် မဆုရည်လင်းသည် နှလုံးမကောင်းသည့်အတွက် ထောင်အတွင်း နှလုံးဆေးများ သောက်နေရပြီး၊ထောင် အတွင်း ဆေးကုသမှုတွင် ဖြစ်သလိုနည်းလမ်းဖြင့် နှလုံးဆေး အများအပြားတိုက်သည့်အတွက် မိသားစုက အလွန်စိုးရိမ် ပူပန်နေရကြောင်း အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။