
နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ အီတလီနိုင်ငံ၊ ပါးမားမြို့မှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မြန်မာ့အရေး အောက်မေ့ဖွယ်ရာ၊ တာဝန်ကျေပွန်မှု ခေါင်းစဥ်နဲ့ ပါးမါးမြို့ Ginnasio Gian Domenico Romagnosi အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မသူဇာလင်းက “ စစ်အာဏာသိမ်းမှုအပြီး အီတလီရောက်မြန်မာတွေ စုစည်းအားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ တော်လှန်ရေးကို အစဥ်တစိုက် ပန်းတိုင်ရောက်တဲ့အထိ ကြိုးစားသွားမယ်လို့” ပြောကြားခဲ့ပါတယ်။
အထက်တန်း နည်းပြဆရာ Federico De Ponti နဲ့ ဒေါက်တာဘွဲ့သင်တန်းသား Stefano Rozzoni တို့ကလည်း တော်လှန်ရေး ကဗျာဆရာ၊ ဆရာမတွေ သတ်ဖြတ်နှိပ်စက်ခံရတဲ့ အကြောင်းတွေ ဝေမျှကာ သူတို့ရဲ့ တော်လှန်ရေးကဗျာတွေကို အီတလီဘာသာသို့ ပြန်ဆို ဖတ်ကြားခဲ့ကြပါတယ်။
အီတလီ-မြန်မာချစ်ကြည်ရေးအသင်း၊ ပါးမားမြို့အခြေစိုက်အဖွဲ့အစည်းတွေနဲ့ အီတလီရောက် မြန်မာအသိုက်အဝန်းက ပုဂ္ဂိုလ်တွေ ပူးပေါင်းပါဝင်ကာ အီတလီနိုင်ငံရဲ့ တော်လှန်ရေး အမှတ်တရနေရာတွေ၊ ၂၀၁၃ ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ ပါးမါးမြို့နေရာတွေကို သွားရောက်ခဲ့ကြပြီး လူထုခေါင်းဆောင်ရဲ့ အမှတ်တရ စကားတွေ၊ မိန့်ခွန်းတွေကို ဖတ်ကြား ဝေမျှခဲ့တယ်လို့လည်း သိရပါတယ်။