
ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့ပါတီမှ ၂၀၂၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း(၃)ဦး ဖမ်းဆီးခံရပြီး ပါတီဝင်အချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ် မဲဆန္ဒနယ်မြေတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ဦးဌေးမင်းသန်း၊တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ဦးစိန်သောင်း နှင့် တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ဦးဆက်နိုင်တို့ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
” ဦးစိန်သောင်းက ၄လပိုင်းကတည်းက ဖမ်းဆီးခံထားရတာ ။ သူ့ကို သဘာဝဘေးအန္တရာယ် ပုဒ်နဲ့ တရားစွဲဆိုခံထားရတယ်။ ဦးဌေးမင်းသန်းက ဒီလ ၁၅ ရက်နေ့က အဖမ်းခံရတယ် ။ ကိုဆက်နိုင်ကိုကျတော့ ၁၇ ရက်နေ့မှာ ဖမ်းဆီးခံရတယ်။ သူတို့ ၂ယောက်စလုံးကတော့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတယ်” ဟု ပြည်သူ့ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။
ဦးစိန်သောင်းမှာ ဧပြီလကတည်းက ဖမ်းဆီးခံထားရသူဖြစ်ပြီး လက်ရှိတွင် ဟင်္သာတအကျဥ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရကာ ဦးဌေးမင်းသန်းနှင့် ဦးဆက်နိုင်တို့ကိုမူ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရေးသားမှုများကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့ ၁၇ရက်နေ့များတွင် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း အင်္ဂပူဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းတွင် ပြည်သူ့ပါတီဝင် ၂၀ဦးခန့်သာ ရှိပြီး ပုသိမ်မြို့နယ်မှ ပါတီဝင်တစ်ဦး ဖမ်းဆီးခံရကာ ညောင်တုန်းမြို့နယ်မှ ပါတီဝင် ၃ဦးလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ပါတီနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။