
(၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ မိတ္ထီလာမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင်နှင့် မိသားစုဝင် တွေကို မနေ့က ညပိုင်းမှာ စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖေါ်ဝါရီကတည်းက ဦးထိန်မင်းခိုင်ကို စစ်အုပ်စုက ၅၀၅(က)နဲ့ အမှုဖွင့်ထားတာ ဖြစ်ပြီး မနေ့က မတ်(၃၀)ရက် ည(၁၀)နာရီ ဝန်းကျင်မှာ ဦးထိန်မင်းခိုင်နဲ့ ဇနီး ဒေါ်မီမီခိုင်တို့ ရှောင်တိမ်းနေထိုင်တဲ့ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မြို့မရွာ သာယာကုန်းရပ်ကွက်က နေအိမ်ကို စစ်ကားသုံးစီးနဲ့ ရောက်လာပြီး အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဦးမင်းထိန်မင်းခိုင်နဲ့ ဒေါ်မီမီခိုင်တို့ ယာယီနေထိုင်နေတဲ့ ယင်းတော်မြို့မရွာက နေအိမ်ကို စီးနင်းဖမ်းဆီးရာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နှစ်ဦးလုံး ထိခိုက်ဒဏ်ရာရခဲ့သလို ဖမ်းဆီးရာမှာ ထိုးကြိတ်ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။“ပစ်ခတ်ဖမ်းဆီးပြီး ကျည်ထိလို့ အခု လင်မယားနှစ်ယောက်လုံး မိတ္ထီလာ စစ်ဆေးရုံမှာတဲ့” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အိမ်ရှင် မိသားစုဝင်တချို့ကိုလည်း ဖမ်းဆီးခဲ့သလို ဦးထိန်မင်းခိုင်ရဲ့ သမီးဖြစ်သူကိုလည်း ဒီကနေ့ မနက်(၂)နာရီလောက်မှာ မိတ္ထီလာမြို့က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။“ည (၂) နာရီကပဲ ဦးခိုင်ရဲ့ သမီး သုပြည့်စုံ ကိုပါ ဖမ်းသွားပါပြီတဲ့။ တစ်မိသားစုလုံး ဖမ်းဆီးခံရပြီ” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဦးထိန်မင်းခိုင်မှာ ဇနီးသည်နဲ့အတူ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပြီး သားဖြစ်သူ နည်းပညာ ကောလိပ်ကျောင်းသား ကိုအောင်ခန့်မင်းထင်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၁ ကတည်းက စစ်အုပ်စုက ဖမ်းဆီးပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ထားပါတယ်။ဒါ့အပြင် ဦးထိန်မင်းခိုင်ရဲ့ နေအိမ်နဲ့ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်တဲ့ အလှပြင်ဆိုင်ကိုလည်း စစ်အုပ်စုက ယခု မတ်လထဲမှာပဲ လာရောက် ချိတ်ပိတ်သွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။