မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Eagle Brigade ရဲ့ လက်နက်ခဲယမ်းတွေ မေ ၂၇ ရက် တရက်တည်းမှာပဲ ၂ ကြိမ် ဖမ်းဆီးခံလိုက်ရတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
မနေ့က မွန်းလွဲ ၃ နာရီခွဲလောက်မှာ ပြည့်မဏ္ဍိုင် ကုန်စည်ပို့ဆောင်ရေးယာဥ်လိုင်းနဲ့ မြဝတီကနေ ပခုက္ကူကို လျှို့ဝှက်သယ်လာတဲ့ လက်နက်ခဲယမ်းတွေကို စစ်တပ်က သတင်းအရ ဖမ်းဆီးခဲ့ပါတယ်။
ညနေ ၄ နာရီခွဲလောက်မှာ အဖွဲ့ရဲ့ ထောက်ပို့အဖွဲ့ဝင် အမျိုးသမီး တယောက်ကို အိုးဝေကားပေါ်မှာ ငါးပိပုံးတွေနဲ့ လျှို့ဝှက် တင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေနဲ့ အတူ ပခုက္ကူမြို့အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ၊ အင်ပင်စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။
“ဒါက အတွင်းသတင်း ပေါက်ကြားတာလာဆိုတော့ အဖွဲ့ထဲမှာ သေချာစစ်ဆေးနေပါတယ်။ ဖမ်းဆီးခံလိုက်ရတာက တရက်တည်းကို နှစ်ကြိမ်၊ ဒုတိယတကြိမ်မှာ ထောက်ပို့တပ်ဖွဲ့ဝင်တဦး ပါသွားတယ်”လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အဲဒီအဖွဲ့ရဲ့ပစ္စည်းတွေထဲမှာ M4-AR 15 မောင်းပြန်သေနတ်တလက်၊ ကျည်အိမ် ၁၂ ခု၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ၅.၅၆မီလီမီကျည် ၁၃၀၀ ကျော်၊ Eagles Brigade တပ်ဖွဲ့တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ တပ်ဖွဲ့တံဆိပ်ပါ ရှပ်အင်္ကျီအထည် ၅၀၊ တပ်ဖွဲ့တံဆိပ်ပါ လည်စည်း ၃၆ ထည်၊ တပ်ဖွဲ့တံဆိပ် လက်မောင်းဘက်တံဆိပ် ၂၂ ခု၊ တပ်ဖွဲ့ တံဆိပ်ရင်ထိုး ၄ ခုတို့ဖြစ်ပြီး တန်ဖိုး သိန်း ၅၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။