ကရင်နီပြည်၊ ဖားဆောင်းမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ကို အဆမတန်ပစ်ခတ်နေပြီး အဲ့ဒီကထွက်တဲ့ ဓာတ်ငွေ့ကို လက်နက်အဖြစ် အသုံးချနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဇွန်လ ၁၇ ရက်နေ့ကတည်းက အသုံးပြုနေတာဖြစ်ပြီး ဒီနေ့မှာတော့ အဲ့ဒီဓာတ်ငွေ့ကို ရှူရှိုက်မိတဲ့ ရဲဘော်တွေဟာ မူးဝေအော့အန်တာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။
“ကျနော်လည်းလက်ရှိ ဖားဆောင်းတိုက်ပွဲမှာ ရှိနေတာပေါ့နော်၊ စစ်ကောင်စီဘက်က အဆိပ်ငွေ့သုံးတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ သူတို့က လက်နက်ကြီး၊ လက်နက်ငယ်က ထွက်တဲ့ဓတ်ငွေ့ကို မျက်ရည်ယိုဗုံးပုံစံ သုံးတာပေါ့နော်။ ဆိုးကျိုးအနေနဲ့ မျက်လုံး၊ မျက်နှာတွေစပ်တာ။ မျက်လုံးဖွင့်လို့မရတဲ့ အနေအထားတွေ ဖြစ်တာ။ အဲ့လိုတွေတော့ ရှိတာပေါ့နော်။ ခန္တာကိုယ်တစ်ခုလုံးက ယားယံတဲ့ပုံစံတွေ ဖြစ်လာတာပေါ့။ ကျန်တာ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ပါဘူး” လို့ ရှေ့တန်း မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
အခုလိုခံစားရတဲ့ ဝေဒနာတွေဟာ ၂ ရက်ခန့် ကြာပြီးတဲ့နောက်မှာ ပျောက်ကင်းသွားတာကြောင့် အဆိပ်လက်နက်အဖြစ် မခံယူဘူးလို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က အခုလိုဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် အရေးပေါ်ဖြေရှင်းတဲ့နည်းလမ်းမျိုးမရှိသေးဘဲ လတ်တလောမှာ ဝေဒနာပျောက်ကင်းဖို့အတွက် ရှေ့တန်းတပ်ဖွဲ့ဝင်တွေအနေနဲ့ ခဏတဖြုတ် အနားယူတာ၊ တချို့က သွားတိုက်ဆေးနဲ့လိမ်းတာ စတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနေတယ်လို့ သိရပါတယ်။
“စကစနဲ့ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေနဲ့ အကွာအဝေးက မီတာ ၂၀ လောက်ပဲ ခြားတာ။ စစ်တပ်ခြံစည်းရိုးနားထိ ကျနော်တို့ ကပ်ထားနိုင်တဲ့အနေထားပေါ့။ သူတို့က ညဖက်မှ ထွက်လာပြီး ပစ်ခတ်တာမျိုးပဲလုပ်ကြပြီး နေ့ဘက်ဆို ဘန်ဂါတွေထဲမှာ ပုန်းခိုပြီး ခံစစ်စောင့်နေကြတာမျိုးပါ” လို့ ရှေ့တန်း မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ဆက်ပြောပြပါတယ်။
ဖားဆောင်းမြို့မှာ စစ်ကောင်စီရဲ့ ခြေလျှင်တပ်ရင်းတွေ ဖြစ်တဲ့ ခလရ ၁၃၄၊ ၁၃၅ သာကျန်ရှိပြီး မြို့ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ ဖားဆောင်းတိုက်ပွဲမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်တပ်မတော်(KA)၊ ဖားဆောင်း PDF, ဘော်လခဲ PDF, ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့ ပါဝင်တိုက်ခိုက်ပြီး တိုက်ပွဲကြာလာတာနဲ့အမျှ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိတယ်လို့ စုံစမ်းသိရပါတယ်။