
ချင်းပြည်နယ် မတူပီ-မင်းတပ်လမ်း မိုင်တိုင် ၄၀ နှင့် ၅၀ ကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်ကြား ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ဆံ ထိမှန်ပြီး CDF-မင်းတပ်မှ အသက် ၇၃ နှစ်အရွယ် အာဇာနည်အဘိုးအို ၁ ဦးကျဆုံးသွားကြောင်း သိရှိရသည်။
“သားသမီးတွေ ဒီလောက်တားနေတဲ့ကြားက ဓမ္မနှင့် အဓမ္မတိုက်ပွဲ၊ ပြည်သူနှင့် မိစ္ဆာစစ်ခွေးတွေရဲ့ တိုက်ပွဲမှာ ကိုယ့်အသက်ကိုတောင်မနှမြောဘဲ ရှေ့တန်းသွားနေတဲ့ အဖေ တာဝန်ကျေပါတယ်။ ဒီတော်လှန်ရေးမှာ ကျဆုံးလေပြီးသော CDF ရဲဘော်များနဲ့အတူ သား အလေးပြုပါတယ်အဖေ၊ အဖေ့ဆီပြန်မရောက်လာနိုင်တဲ့သားကို ခွင့်လွှတ်ပါအဖေ” ဟု ၎င်း၏ သားဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
CDF မင်းတပ်တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာစဉ် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အဆိုပါ အာဇာနည်အဘိုးအိုကျဆုံးကာ အခြား ၂ ဦးလည်း မစိုးရိမ်ဒဏ်ရာရကြောင်း CDF-မင်းတပ် ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“ကျနော်တို့က တိုက်ခိုက်ပြီးတော့ ပြန်ဆုတ်လာတဲ့အချိန် လက်နက်ကြီးထိပြီးတော့ ကျသွားတာ၊ သူက ပညာရေးဝန်ထမ်းအငြိမ်းစား ၇၃ နှစ်ရှိပြီ။ ကျနော်တို့အားလုံးက သူ့ကို မပါဖို့ ဝိုင်းတားကြပါတယ်၊ သူက အရမ်းစိတ်အားထက်သန်နေတာ၊ လက်နက်ကြီးထိပြီး ဒဏ်ရာအပြင်းအထန်ရပြီး ကျဆုံးသွားတယ်” ဟု CDF-မင်းတပ် ပြောခွင့်ရ ကိုယောမန်က ပြောဆိုသည်။
မနက်ဖြန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်ကြား တိုက်ပွဲဖြစ်ပွားမည့်အလားအလာများရှိနေသေးပြီး ဆက်လက်စောင့်ကြည့်ရဦးမည်ဟု ကိုယောမန်က ဆက်လက်ပြောဆိုသည်။
ယင်းအပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်တွင် ယမန်နေ့ နိုဝင်ဘာ ၂ ရက်နှင့် ယနေ့တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၅၀ ခန့် သေဆုံးခဲ့ပြီး ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်မှ သူရဲကောင်း ရဲဘော်ကိုလင်းနိုင် ကျဆုံးခဲ့ကြောင်း ကလေး PDF ထံမှ သိရသည်။