
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ၊ သံတောင်မြို့နယ်တွင် ယမန်နေ့ မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း နေရာ ၂ ခုတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
ယမန်နေ့ နံနက် ၇ နာရီခွဲတွင် သံတောင်မြို့မှ တောင်ငူဘက်သွားသော စစ်ကား ၁ စီးကို သံတောင် PDF က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး လက်မောင်းတွင် ဒဏ်ရာရသွားခဲ့ပြီး တောင်ငူ စစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
နံနက် ၁၁ နာရီခန့်တွင် သံတောင်မှ သံတောင်ကြီးသို့သွားသည့် စစ်ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုတွင် နောက်ဆုံး စစ်ကား ၁ စီး ထိမှန်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
မိုင်းဆွဲတိုက်ခိုက်မှုတွင် Ghost Rangers UG အဖွဲ့ကပူးပေါင်းတိုက်ခိုက်ဖောက်ခွဲ့ခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုတွင် မိုင်း ၅ လုံးခန့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း အများပြည်သူ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနေ၍ နောက်ဆုံး စစ်ကားကိုသာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ် စစ်ကား ၁၇ စီးယာဉ်တန်းသည် သံတောင်ကြီးရှိ ဘုရင့်နောင်တပ်သို့ သွားမည့် ယာဉ်တန်းဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် ၁၀ စီးသာ ဘုရင့်နောင်တပ်သို့ ဆက်လက်သွားခဲ့သလို ပျက်စီးသွားသော စစ်ကား ၁ စီးနှင့် အခြားစစ်ကား ၆ စီးသည် သံတောင်-သံတောင်ကြီးလမ်းရှိ စစ်ကောင်စီစခန်းကုန်းတခုဖြစ်သည့် စနေကုန်းတွင် ရပ်နားထားကြောင်း သိရှိရသည်။