
Covid 19 ကာကွယ်ဆေးအကူအညီနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးဖို့ မြန်မာနိုင်ငံကိုရောက်လာတဲ့ ကုလဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ဟောင်း ဘီရစ်ချက်ဆန်ဟာ မနေ့က မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့ AP သတင်းတစ်ပုဒ်က ရေးသားပါတယ်။
“COVAX ရဲ့ အကူအညီနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာပြည်ကိုအမြန်ဆုံးပေးပို့နိုင်ဖို့နဲ့ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ ကိုဗစ်စတုတ္ထလှိုင်းနဲ့ပတ်သက်ပြီးတော့လည်း သက်ရောက်မှုတွေလျော့နည်းစေဖို့အတွက် ကျွန်တော့်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အဓိက ဆွေးနွေးဖြစ်ခဲ့ပါတယ်” လို့ The Richardson Center ရဲ့ ထုတ်ပြန်ချက်ထဲမှာ မစ္စတာ ဘီရစ်ချက်ဆန်က ပြောဆိုထားပါတယ်။
COVAX ဆိုတာ ကုလသမဂ္ဂကို ကျောထောက်နောက်ခံပြုကာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံများကို ဆေးဝါးများ ထောက်ပံ့ပေးခြင်းနဲ့ ကာကွယ်ဆေးဖြန့်ဖြူးခြင်းတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ရစ်ချက်ဆန်ဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၎င်းရဲ့စစ်အစိုးရအတွင်းမှ ထိပ်တန်းပုဂ္ဂိုလ်များ၊ နိုင်ငံခြားသံတမန်အဖွဲ့ဝင်များ၊ UN ရဲ့ ကိုယ်စားလှယ်များနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ရစ်ချက်ဆန်အနေနဲ့ လူသားချင်းစာနာမှုအကူအညီများပေးဖို့ရာမှာ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းက ဝေးလံခေါင်သီတဲ့ ဒေသတွေကို လွယ်ကူချောမွေ့စွာပေးပို့နိုင်ဖို့အတွက် အစီအမံတွေကို အကြံပြုထားတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အမေရိကန်ရဲ့ စွမ်းအင်ဝန်ကြီးနဲ့ နယူးမက္ကဆီကိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးတာဝန်တွေကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ရစ်ချက်ဆန်က “မြန်မာရဲ့ လက်ရှိအခက်အခဲတွေကို ကျော်ဖြတ်ဖို့ရာအဖြေရှာနိုင်ဖို့အတွက် ကုလအဖွဲ့အစည်းများနဲ့ အာဆီယံအထူးကိုယ်စားလှယ်များနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်” လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ကာလမှာတုန်းက အာဆီယံက မြန်မာရဲ့ ပဋိပက္ခပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့အတွက် ကြိုးစားခဲ့ပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ရစ်ချက်ဆန်ဟာ ၎င်းရဲ့ စင်တာမှာအလုပ်လုပ်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မအေးမိုးကို အကျဉ်းထောင်ကနေလွတ်မြောက်အောင် ၎င်းရဲ့ ခရီးစဉ်အတွင်းမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မအေးမိုးဟာ ရစ်ချက်ဆင်စင်တာရဲ့ သင်တန်းများအထူးသဖြင့် အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေမှာ အလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်
ပုံစာ – Bill Richardson ကို မအေးမိုးနှင့်အတူ နိုဝင်ဘာ ၃ ရက်က တွေ့ရစဥ်။