
မတူညီသော တော်လှန်ရေးအင်အားစုများ ပါဝင်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းနိုင်ခြင်းသည် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ရန် အာမခံချက် ဖြစ်သည်ဟု NUCC တွင် ပါဝင်သော မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် NUCC သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။NUCC သည် မြန်မာ့သမိုင်း တစ်လျှောက်တွင် မရှိခဲ့ဖူးသော စုဝေးညီညွတ်မှု အင်အားစုကြီး တစ်ခု ဖြစ်ပြီး ယခုထက် စုဖွဲ့မှု ပိုမိုအားကောင်းလာအောင် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
NUCC ကို အဖွဲ့ဝင်၊ အစုအဖွဲ့ ၂၈ ခုဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့လည်း ပါဝင်သည်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ (ကယား) ပြည်နယ် အတိုင်ပင်ခံ ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့ ဖြစ်ပြီး ကျန်အဖွဲ့ငါးဖွဲ့၏ အမည်များကို ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း NUCC က ပြောသည်။
ယင်းအပြင် ကြားကာလတွင် ကျင့်သုံးမည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို လာမည့်ဒီဇင်ဘာလတွင် NUCC က ဦးဆောင် ကျင်းပမည့် ပြည်သူ့ညီလာခံ၌ အတည်ပြုရန်ရှိပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ထိုညီလာခံတွင် ထပ်မံ အတည်ပြုသွားမည် ဖြစ်သည်။