
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ နေအိမ်အခြေပြု သင်ကြားရေး စမ်းသပ်ကာလ (Home -Based Learning Pilot Project) ကို နိုဝင်ဘာ ၈ ရက်နေ့တွင်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် စတင်ခဲ့ပြီဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးမှ HTY Info သို့အသိပေးပြောကြားသည်။
CDM ဝန်ထမ်းများ၏ အင်အားသည် ပြည့်သူ့ထံမှစီးဆင်းလာခြင်းဖြစ်သည်နှင့်အညီ ပြည်သူ့ယန္တရား၊ ပြည်သူ့ပညာရေး ခြေလှမ်းသစ် စလှမ်းသည့်အချိန်တွင် မိဘပြည်သူများနှင့် ကျောင်းသား/သူများမှ ပူးပေါင်းပါဝင်ပေးကြပါရန်လည်း တိုက်တွန်းထားသည်။
နေအိမ်အခြေပြု သင်ကြားရေး စနစ်သည် ကလေးများ၏ သင်ကြားသင်ယူမှုကို ကိုယ်တိုင်လေ့လာတတ်အောင် ပြုစုပျိုးထောင်ပေးထားပြီး၊ Voluteer များက ကလေးသင်ယူတတ်မြောက်မှု အပိုင်းကို အဓိက စစ်ဆေးအကဲဖြတ် ပေးမည်ဖြစ်သည်ဟု သိရသည်။
ဤသင်ကြားရေး အစီအစဉ်ကို NUG ပညာရေးဝန်ကြီးဌာန၏ သင်ကြားသင်ယူမှု Platform များနှင့် Social Media များပေါ်မှ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပြီး၊ ကလေးငယ်များ စိတ်ရော ကိုယ်ရော လုံခြုံစိတ်ချစွာ ပညာအဆက်မပြတ် သင်ယူနိုင်ကြစေရေးအတွက် ဆက်လက်ဖော်ဆောင်သွားပါမည်ဟု ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူမှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။