
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ သံတွဲမြို့က အမျိုးသမီး ၃ ဦးကို မတ် ၃၁ ရက်နေ့မှာ သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သူတို့ကို စွဲဆိုတာက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာပါ။ စွဲချက်ကလည်း အဲဒီပုဒ်မနဲ့ပဲ တင်လိုက်တာပါ။ မတ်လ ၁၇ ရက်နေ့က နှစ်ဖက် လျှောက်လဲချက်တွေ ပေးခဲ့ကြပြီးတော့ ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ ၃ ဦး စလုံးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တာပါ။ အလုပ်ကြမ်းတော့ မပါဘူး။ ချုပ်ရက်က တပေါင်းတည်း ခံစားခွင့်ရှိပါတယ်။ အယူခံတင်ဖို့ မတင်ဖို့ကတော့ မိသားစုနဲ့ ဆွေးနွေးရဦးမှာဖြစ်တယ်။”
ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ အမျိုးသမီး ၃ ဦးကတော့ ဒေါ်စန်းချိုသိုက်၊ ဒေါ်တင်စန္ဒာဝင်းနဲ့ ဒေါ်ငြိမ်းအိဖြိုးကျော်တို့ ဖြစ်ကြပါတယ်။
သူတို့ ၃ ယောက်ကို သံတွဲမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀(ည) နဲ့ သံတွဲခရိုင်တရားရုံးမှာ စွဲဆိုခဲ့တာပါ။
အခုထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဒေါ်ငြိမ်းအိဖြိုးကျော်ရဲ့ အသက် ၂ နှစ်အရွယ် သမီးငယ်ဟာ မိခင် ဖမ်းဆီးခံထားရတာကြောင့် အကျဉ်းထောင်ထဲ လိုက်နေစဉ် နေမကောင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သံတွဲအကျဉ်းထောင်မှာ သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီး တရာစွဲခံထားရသူ ၁၀ ဦးထက်မနည်းရှိပြီး ၄ ဦးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။