
နို၀င်ဘာလ ၆ရက်တွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ဝါးတောကျေးရွာ စာသင်ကျောင်းအတွင်းသို့ PDF အယောင်ဆောင် ပျူစောထီးအဖွဲ့၀င်များက ခြိမ်းခြောက်စာများ ရေးသားပြီး စာများလာပစ်ထည့်သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ဒလန်ရွာများ ငရဲပို့မည်။ ဝါးတောစာသင်ကျောင်းတွင်း ဗုံးထောင်ထားသည်။ မိမိကလေးမထိခိုက်ဖို့ စစ်ကျွန်ကျောင်းသို့မပို့၊ နို၀င်ဘာလ ၆ရက် ညမှစ၍ သုံးခွကျွန်း ဒလန်ရှင်းမည်” စသည်ဖြင့် ပျူစောထီးအဖွဲ့ဝင်များက ရေးသားထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဘယ် PDF ကမှ ပြည်သူတွေနဲ့ ကလေးတွေကိုထိခိုက်စေမယ့် ကိစ္စမျိုးမလုပ်သလို ခြိမ်းလည်း ခြိမ်းခြောက်မှာ မဟုတ်ဘူး ။ အဲဒါကြောင့် ဒီစာကိုရေးတာ ပျူစောထီးတွေနဲ့ ဒလန်တွေပဲဆိုတာ သေချာပါတယ်။ လက်ရေးကို ကြည့်လိုက်ရင် ပိုသေချာပါတယ်။ စာမတတ်ပေမတတ် ပျူစောထီးတွေရေးထားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မအူပင်မြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ” NUGအစိုးရ၏ မူဝါဒ လမ်းစဥ်များ အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အများပြည်သူထိခိုက်စေမည့် ဖောက်ခွဲရေးများ၊ပစ်ခတ်မှုများကို မပြုလုပ်ဘဲ စစ်ကောင်စီနှင့် ပတ်သက်သည့် အရာများကိုသာ တိုက်ခိုက်သွားမည်” ဖြစ်ကြောင်း မအူပင် PDF အဖွဲ့ဝင်တစ်ဦးကပြောသည်။