စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ချောင်းဦးမြို့နယ် ကျီကုန်းရွာအနီးမှာ မေ(၅)ရက် ညဦးပိုင်းက စစ်အုပ်စုရဲ့ ဖမ်းဆီးညှဉ်းပန်း ခေါင်းဖြတ် သတ်ခြင်း ခံခဲ့ရတဲ့ ဒေသခံတွေ အပါအဝင် တော်လှန်ရေး ရဲဘော်တွေရဲ့ နာရေးအခမ်းအနားကို ဒီနေ့ ကျင်းပတယ်လို့ ချောင်းဦး တော်လှန်ရေးအဖွဲ့ – Chaung U Revolution က ဖော်ပြပါတယ်။
“မေ(၅)ရက်တွင် ကျဆုံးခဲ့ရသော ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ၏ ဈာပနအခမ်းအနား” ဆိုပြီး Chaung U Revolution က ဓာတ်ပုံနဲ့တကွ ဒီနေ့ မေ(၈)ရက်မှာ ဖော်ပြထားပါတယ်။
ချောင်းဦးမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရျို့နေတဲ့ စစ်အုပ်စုဟာ မေ(၅)ရက် ညဦးပိုင်းအချိန် ကျီကုန်းရွာအနီးက ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းကို စီးနင်းကာ CHUPDF တော်လှန်ရေး ရဲဘော် သုံးဦးကို ဖမ်းဆီး ညှဉ်းပန်း ခေါင်းဖြတ်သတ်ခဲ့သလို ကျီကုန်းရွာက အသက်(၆၀)ကျော်အရွယ် စစ်ပြေးပြည်သူ အဖွားအိုတစ်ဦး၊ ကျီကုန်းရွာအနီး ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ကိုင်နေသူ လူငယ်နှစ်ဦးနဲ့ စစ်ပြေးနေတဲ့ အသက်(၄၀)အရွယ် ဒေသခံအမျိုးသား နှစ်ဦး၊ စုစုပေါင်း ရှစ်ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
“ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာ၌ စစ်ကြောင်းထိုး ၀င်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်များသည် မေ(၅)ရက် ညနေ(၇)နာရီခွဲတွင် ကျီကုန်းကျေးရွာမှ အနောက်တောင်သို့ ဆက်လက် ထွက်ခွာရာ ကျီကုန်းရွာ အစပ်ရှိ မြို့နယ် ပကဖ ကင်းတပ်စိတ်များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ စစ်ကြောင်းသည် CHUPDF ၏ လေ့ကျင့်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး နောက်တန်း စခန်းခွဲ တစ်ခုကို ဝင်ရောက် စီးနင်းရာ အဆိုပါ စခန်းခွဲမှ စခန်းခွဲမှူး တစ်ဦးနှင့် ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပါသည်။ ကျဆုံးရဲဘော် သုံးဦးနှင့်အတူ ၎င်း၏ အနီးအနားရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ဝေယျာဝေစ္စ လုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူ နှစ်ဦးလည်း ဦးခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြပြီး ဆက်လက် စစ်ကြောင်းထိုးကာ လမ်းတွင်တွေ့ရသော အသက် (၆၅) နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းသည် အမြင့်ကျေးရွာ ရဲခွေးစခန်းသို့ ဆက်လက်ထွက်ခွာလာရာ လမ်းတွင်တွေ့ရသော အသက် (၄၀) ဝန်းကျင် အမျိုးသား နှစ်ဦးကို သတ်ဖြတ်ခဲ့သေးသည်” လို့ Chaung U Revolution က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပြီး ချောင်းဦးနယ်ထဲ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက် သောင်းကျန်းနေသလို အဖွဲ့ခွဲပြီး မြင်းမူနယ်ထဲကိုလည်း စီးနင်းဝင်မွှေ လူသတ်၊ လုယက် သောင်းကျန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။