ကရင်နီပြည်တွင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ဒေသများတိုးလာပြီးနောက် ဒီးမော့ဆို -မော်ချီး-မယ်စဲ့ယာဥ်လိုင်းကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
IEC ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၏ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းပြေးဆွဲ ခြင်းဟု သိရသည်။
IEC သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းတာဝန်ရှိသူများကိုလည်း ပူးတွဲ ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် သံချောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တိမ် တိုက်၊တူ့တူ နှင့် ဦးစီးမှူးအဖြစ် ရန်ပြုံး (နိုနို့) တို့ ဖြစ်ကြောင်းသိရသည်။
ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး ၎င်း ဌာနမှူးကြီးအဖြစ် ဦး အယ်ဖောင်းရှိုကို IEC က တာဝန်ပေးထားသည် ဦးအယ်ဖောင်းရှို မှာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယာဥ်လိုင်းသစ်ပြေးဆွဲမှုနှင့်ပတ်သက်၍ People’s Spring က ဦးအယ်ဖောင်းရှို ကိုဆက်သွယ်မေးမြန်းရန်ကြိုးစားနေသော်လည်း ဆက်သွယ်မရသေးပါ။
ကရင်နီပြည်ဒေသခံတစ်ဦးက”အခုက ပထမဆုံးလုပ်တဲ့ ယာဥ်လိုင်းဆိုတော့ နေ့စဥ် ခရီးစဥ်တော့မဟုတ်သေးဘူး သိရတယ်။အဓိကတော့ကုန်စည်ပြတ်လပ်မှုရှိနိုင်တဲ့ နေရာတွေ နဲ့ ဒေသတွင်းခရီးသွားမယ့်သူတွေအတွက်အထောက် အကူဖြစ်ဖို့ မျှော်မှန်းထားတာ ဖြစ်လိမ့်မယ်”ဟု လူထုနွေဦးသို့ ပြောသည်။
IEC ကို ယမန်နှစ် ဇွန်လ ၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ရန် နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အပါအဝင်လူထု၏ ကျန်းမာရေး၊ပညာရေး၊စားနပ်ရိက္ခာ နှင့် အခြေ ခံလိုအပ်ချက်ကို ဖြည့်ဆည်းမည်ဟု ကတိပြုထားသည်။
မြေပြင် စစ်ရေးတွင်လည်း ကရင်နီပူးပေါင်းတပ်က ဒီးမော့ဆို၊မော်ချီး၊ရွာသစ် နှင့် ရှားတောမြို့နယ်တို့ကို ထိန်းချုပ်ထားနိုင်ပြီး မယ်စဲ့မြို့ကိုမူ ယမန်နှစ်က တည်းက အလုံးစုံ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။