စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး မီး လောင်ပျက်စီးခဲ့ကြောင်း CNO Upper Chindwin Region-UCR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ မေလ ၁၁ ရက် နေ့လည် ၁၂ နာရီခန့်က ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၌ တိုက်ပွဲ ဖြစ် ခြင်းမရှိပဲ ကလေးမြို့အမြောက်တပ်မှ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း၊ မွန်းလွဲ ၂ နာရီ ၂၅ မိနစ် တွင်လည်း လက်နက်ကြီး ၂ လုံးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အမျိူးသမီးတစ်ဦး ထိမှန်ဒဏ်ရာအပြင်းအထန် ရရှိပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကလေးမြို့အမြောက်တပ်က ဖြစ်ဖို့များတယ်၊ အတိအကျတော့ မသိရဘူး၊ လက်ပံချောင်းရွာမှာက တိုက်ပွဲလဲဖြစ်တာမရှိဘူး၊ မနက်က တိုက်ပွဲဖြစ်နေတဲ့ ရာဇဂြိုလ်ကျေးရွာနဲ့လည်း မနီးဘူး၊ အမျိုးသမီး ၂ ဦး ထိခိုက်အပြင်းအထန်ဒဏ်ရာရတယ်၊ နေအိမ်တစ်လုံးမီးလောင်ပျက်စီးတယ်၊ အဲလောက်ပဲ သိရ သေး တယ်၊” ဟု CNO Upper Chindwin Region-UCR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ မေလ ၁၁ ရက် နံနက် ၆ နာရီခန့်ကစတင်ပြီး ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာတွင် အကြမ်း ဖက်စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ကလေးမြို့အကြမ်းဖက်စစ်တပ်မှ သံချပ်ကာ ကား ၅ စီးဖြင့် စစ်ကူတက်သွားကြောင်း၊ ယင်းတိုက်ပွဲတွင် ကလေး PDF ရဲဘော်တစ်ဦး ကျဆုံးထားသည် ဟု ကနဦးသတင်းရရှိထားကြောင်း CNO Upper Chindwin Region-UCR ထံမှ သိရသည်။