မုံရွာမြို့ပေါ်က စစ်အုပ်စုတပ်စွဲထားတဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒီကနေ့နေ့လည်မှာ ကားပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတစ်ယောက်သေကာ တစ်ယောက်ဒဏ်ရာရတယ်လို့ Golden Eagle Force-Monywa အဖွဲ့ကထုတ်ပြန်ပါတယ်။
မေ (၈) ရက် နေလည် (၁၂) နာရီခန့်က မုံရွာမြို့ အမြင့်လမ်းထိပ် လဝက ရုံးဟောင်းနေရာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ကားပေါ်ကနေ အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
“စကစတစ်ကောင် ဘယ်ရင်အုံတစ်ချက်၊ညာဘက်ပေါင်တစ်ချက်ထိမှန်ပြီး နေရာတင်သေဆုံးကာ နောက်တစ်ကောင် ညာလက်မောင်းထိမှန်ခဲ့ကြောင်း မင်္ဂလာသတင်း ရရှိခဲ့ပါသည်။ စကစများမှာ ကြောက်လန့်၍ ပြန်လည်ရမ်းသန်း ပစ်ခတ်သော်လည်း မိဘပြည်သူများ ပို့သသော မေတ္တာကြောင့် ကျွန်ုပ်တို့ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”လို့ဖော်ပြပါတယ်။
တိုက်ခိုက်မှုကို Golden Eagle Force-Monywa ၊ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့ နဲ့ Brothers Revolution Force-Monywaတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ထုတ်ပြန်ပါတယ်။
မုံရွာမြို့ပေါ်က စစ်အုပ်စုတပ်စွဲထားရာနေရာတွေကို တော်လှန်ရေးအင်အားစုတွေက မကြာခဏဝင်ရောက်ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ မေ (၃) ရက်ကလည်း မြဝတီဘဏ်က စစ်အုပ်စုဂိတ်တဲကို ပစ်ခတ်ခဲ့လို့ စစ်အုပ်စုတစ်ယောက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။