စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းပြီး အသက် ၆၀ အရွယ် အဘိုးအိုကို ရိုက်နှက်ကာ ပေါင်ကို သေနတ်ဖြင့် တေ့ပစ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အောင်ချမ်းသာကျေးရွာ နှင့် အင်းပတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး အင်းပတ် ကျေးရွာမှ နွား ၂ ကောင် သေဆုံးပြီး ၅ ကောင်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အောင်ချမ်းသာကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် ပြည်သူ ၄ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး အသက် ၆၁ နှစ် အရွယ် အဘိုးအို ဦးသန်းဝင်းကို ရိုက်နှက်က ဘယ်ဘက်ပေါင်ကို သေနတ်ဖြင့် တေ့ပစ်ပြီး ကောက်ရိုးပုံ ၂ ခုကြားထည့်ကာ မီးရှို့ဟန်ပြင်ထားခဲ့ကြောင်း၊ ထို့ပြင် ဒေသ ပြည်သူ ၁ ဦးလည်းလက်နက်ကြီး ကျည်စများ ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူ ၂ ဦးကို လက်ရှိ ချိန်တွင်ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိပြီး ကျေးရွာအတွင်းမှ စစ်တပ် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီး ပြည်သူပိုင် နေအိမ်များမှ စားစရာ ပစ္စည်းများ ခိုးယူသွားကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ် မြောက်ခြမ်း တိုက်နယ် ၅ ဒေသရှိ အိုက်ပေါက်ကြီးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ညောင်ကန်ကျေးရွာ နှင့် အလယ်ရှိုကျေးရွာ အကြားမှ ယောက်သွားအိုက်ရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းနှင့် မြောက်ခြမ်းမှ ဒေသပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။