စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ စစ်အုပ်စု တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်း၀င်လာလို့ ဂုဏ်ပြုငွေ ကျပ်သိန်း(၅၀) ချီးမြှင့်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
ခင်ဦးမြို့ပေါ် ဆေးရုံမှာ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုထဲက တပ်သားတစ်ဦးဟာ နို၀င်ဘာ(၁၄)ရက်က မြို့နယ် ပကဖ နဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့အတူ အလင်း၀င်တာလို့ ခင်ဦးမြို့နယ် ပကဖ သတင်း ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။
“(၁၄)ရက်နေ့က ချိတ်ဆက်ပြီး အလင်း၀င်လာတာပါဗျ။ (၂၀)ရက်နေ့မှာ ချီးမြှင့်ငွေ ပေးလိုက်တာပါ”လို့ ခင်ဦးမြို့နယ် ပကဖ သတင်းပြန် ကြားရေးတာ၀န်ခံ ကိုသာစစ်လင်း က ပြောပါတယ်။
ခင်ဦးမြို့နယ် ပကဖ ထံ လက်နက်၊ခဲယမ်းနဲ့အတူ အလင်း၀င်လာသူဟာ စစ်မှုထမ်းသက် (၁၇)နှစ် ရှိပြီ ဖြစ်ပြီး (MA-1) သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခုနဲ့ ကျည်(၂၃၀)ကျော် ပါရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီ အလင်း၀င်လာတဲ့ စစ်အုပ်စု တပ်သားဟာ နို၀င်ဘာ(၁၇)ရက်က ဖော်ဆောင်ခဲ့တဲ့ ခင်ဦးမြို့ပေါ်က စစ်အုပ်စုကို သွားရောက် တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့တယ်လိုပလည်း ခင်ဦးမြို့နယ် ပကဖ က ပြောပါတယ်။ အဲ့ဒီ ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ စစ်အုပ်စု ထိခိုက်သေဆုံးမှု ရှိပြီး တော်လှန်ရေးတပ်တွေက (MA-1) သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့ပါတယ်။