စစ်ကိုင်းတိုင်း မုံရွာမြို့ ချင်းတွင်းမြစ်ရိုးပေါ် ပျံဝဲနေတဲ့ စစ်အုပ်စုရဲ့ ဒရုန်းတစ်စင်းကို စစ်အုပ်စုထံက သိမ်းဆည်းရရှိတဲ့ ဒရုန်းဖျက်လက်နက် (Drone Catcher)နဲ့ ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်ထောင်စု လွတ်မြောက်ရေး တပ်ဦး (ဗဟို) က သတင်း ထုတ်ပြန်ပါတယ်။
မေ(၇)ရက် မနေ့က ညနေပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ အနီး အလုံဆိပ်ကမ်းကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းနှစ်စင်းအနက် တစ်စင်းကို ယင်းမာပင် – ဆားလင်းကြီး – ကနီ သုံးမြို့နယ် မဟာမိတ် တပ်ပေါင်းစုက ပစ်ချ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အလုံမြို့ ၊ စစ်ပင်ဆိပ်မှ သံပြားကာကား သုံးစီးဖြင့် လွှတ်တင်ခဲ့ပြီး ရုရှားတိုက်ခိုက်ရေး Drone ဟု ယူဆရသော ပုဇင်းပေါက်စ နှစ်ကောင်ကို ကျနော်တို့ သုံးမြို့နယ် မဟာမိတ် တပ်ပေါင်းစုမှ Drone Catcher ဖြင့် သွားရောက် ပစ်ခတ်ခဲ့ပြီး ရုရှားထုတ် Drone ပေါက်စ တစ်ကောင်တော့ အရုပ်ကြိုးပြတ် ချင်းတွင်းမြစ်အတွင်းသို့ ပျက်ကျခဲ့ပြီး Drone ကိုယ်ထည်နဲ့ ဗုန်းသီးတော့ မရရှိခဲ့ဘဲ Drone ဒေါက် နှစ်ခုကိုတော့ ချင်းတွင်းမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့ပါသည်။ (မှတ်ချက် – တပ်ပေါင်းစုမှ Drone Catcher သည် (ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်) ကျောက်မျက်တောင် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်း ရမိသောပစ္စည်းဖြစ်သည့်အတွက် ဝမ်းသာစရာပို၍ ကောင်းလှပါသည်)” လို့ ပြည်ထောင်စု လွတ်မြောက်ရေး တပ်ဦး (ဗဟို) က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၁၉)ရက် ညနေပိုင်းက ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်၊ ကျောက်မျက်တောင်ပေါ် အထိုင်ချနေတဲ့ စစ်အုပ်စု ယာယီစခန်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေ ဖြစ်တဲ့ Comrade Columnမှ နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး (LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ Phoenix Columnမှ Alpha Special Force ၊ Triple Two Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ ယင်းမာပင် (LPDF)၊ KLG တပ်မဟာ၊ ရိုးမဖိုက်တာတပ်ရင်း ဗိုလ်မုတ်ဆိတ်တပ်ခွဲ၊ ယင်းမာပင်၊ဆားလင်းကြီး၊ကနီ မဟာမိတ် တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေအပျောက်များစွာနဲ့ ထွက်ပြေးသွားပြီး စခန်းသိမ်းနိုင်ခဲ့ကာ ဒရုန်းဖျက် လက်နက် အပါအဝင် ဗုံး၊ မိုင်း စတဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ယင်းမာပင် – ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေသလို ဒရုန်းနဲ့ ကင်းထောက်တာ၊ ကျေးရွာတွေအပေါ် ဒရုန်းနဲ့ ဗုံးသီးချ ဖျက်ဆီးတာတွေလည်း လုပ်နေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။