ကရင်နီပွိုင့် 5 ပရောဂျက်ရဲ့ ရည်မှန်းချက် ဒေါ်လာ ၄ သိန်းအနက် ၂၀ ရာခိုင်နှုန်းသာ ရနေသေးလို့ ဝန်းရံကြဖို့ ပရောဂျက်တာဝန်ရှိသူတွေက ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ကရင်နီပွိုင့် 5 ပရောက်ဂျက်ဟာ KNDF ဥက္ကဌ ခွန်းဘီထူး အပါအဝင် ယုံကြည်ရတဲ့သူတွေကိုယ်တိုင် ဦးစီးပြီး နယ်ပယ်စုံက ခေါင်းဆောင်တွေ စုပေါင်းတဲ့ပွဲဖြစ်တာကြောင့် အားလုံးဝင်းရုန်းရမယ့်ပွဲဖြစ်တယ်လို့ ကရင်နီပွိင့် 5 တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကရင်နီပွိုင့် 5 ပရောဂျက်ဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တုံ့ပြန်ဖို့ ကရင်နီပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပွိုင့် 5 စက်သေနတ်တွေ တပ်ဆင်ပေးနိုင်ရန် ဦးတည်လုပ်ဆောင်နေတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။
အဲ့ဒီပရောဂျက်ရဲ့ ရည်မှန်းချက်ဟာ ဒေါ်လာ ၄ သိန်းဖြစ်ပြီး လက်ရှိအချိန်ဟာ ပရောဂျက်ရဲ့ ၁၄ ရက်မြောက်ကို ရောက်ရှိလာပြီဖြစ်ပေမယ့် ပရောဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းသာ ရရှိသေးတာဖြစ်ပါတယ်။
“လူအယောက် တသိန်းသာ ၄ ဒေါ်လာနဲ့ထည့်ရင်၊ ဒီပမာဏဆိုတာ အသာလေးပါ။ မကြာခင် ပရောဂျက် ပြီးဆုံးတော့မှာဖြစ်ပေမယ့် ရည်မှန်းချက် ပမာဏဟာ ၂၀ ရာခိုင်နှုန်း ပဲရသေးပါတယ်။ ဒီတော့ တယောက် ၁ သောင်းနဲ့တွက်ရင် လိုတဲ့လူတသိန်းမှာ လူ ၂ သောင်းသာပါနေသေးတဲ့သဘောပါ။” လို့ ပရောဂျက်တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
လက်ရှိအချိန်မှာ ပရောဂျက်ကို လာရောက်ထည့်ဝင်နေတဲ့အထဲ ရသမျှတိုင်းလာပေးနေတဲ့ ပြည်သူ၊ စစ်ရှောင်ပြည်သူ၊ ရှေ့တန်းကရဲဘော်တွေ၊ LPDF တွေ၊ CDM ကျောင်းသား၊ သူနာပြု ၊ ကျောင်းဆရာ/ဆရာမတွေလည်း ပါဝင်တယ်လို့ ကရင်နီပွိုင့် 5 ပရောဂျက်ရဲ့ လူမှုကွန်ယက်စာမျက်နှာဖော်ပြထားပါတယ်။
“ငါတို့ခုပြေးလွှားရ အိမ်မရှိတဲ့ ဒုက္ခကို ကရင်နီလွတ်မြောက်ရမယ်ဆို ငါခုအငတ်ခံပြီး ဖြည့်တာ” လို့ လာရောက်ထောက်ပို့တဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
ကရင်နီပွိုင့် 5 ပရောဂျက်ကို ဝိုင်းဝန်းထည့်ဝင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထင်ရှားကျော်ကြားသူတွေ အသီးသီးကလည်း တိုက်တွန်းထားပါတယ်။
“ကိုယ့်ကွက်ကွက်လေး မပူသေးလည်း ဒီငရဲတွင်းမှာ ကိုယ့်ဆွေမျိုး မိတ်ဆွေတွေ လောင်ကျွမ်းနေတာ မမေ့သွားပါနဲ့။ ဒီငရဲမီးကို ငြိမ်းမှကို ဖြစ်မယ်။ ငရဲမီးငြှိမ်းဖို့ ကရင်နီပွိုင့် 5 မှာ ကိုယ်စီပါဝင်ကြစို့” လို့ ကရင်နီပွိုင့် 5 ပရောဂျက် တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ကရင်နီပွိုင့် 5 ပရောဂျက် ကမ်ပိန်းကာလကို ဧပြီလ ၂၃ ရက်မှ မေလ ၁၃ ရက်အထိ သတ်မှတ်ထားပြီး ကမ်းပိန်းကာလ ပြီးဆုံးဖို့ ၆ ရက် အချိန် ကျန်ရှိပါတယ်။