ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ဇန်နဝါရီ ၂၀ရက်မနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တပ်စခန်းကို KIA နှင့် KPDFတို့က ယမန်နေ့ကတည်းက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ယနေ့(ဇန်နဝါရီ ၂၀ )မနက် ၇နာရီတွင် သိမ်းနိုင်ခဲ့ဟုသိရသည်။
“စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားပြီ။ လိုက်လံရှင်းလင်းနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဝှေခါ စစ်တပ်စခန်းကုန်းကို ဇန်နဝါရီလ ၁၈ရက် နံနက် ၄နာရီတွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ နံနက် ၇နာရီ ၂၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဟုKIA၊KPDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။
” ၇:၂၀ မီနစ်အချိန်ဝှေခါစကစကုန်းကိုKIAနင့်KPDFတို့မှသိမ်းပိုက်ရရှိ။ဝှေခါကိုKIAနင့်KPDFတို့မှထိန်းချုပ်လိုက်သည် ” ဟု အထက်ပါမြေပြင်သတင်းရင်းမြစ်က ပြေသည်။
သို့သော်စခန်းသိမ်းတိုက်ပွဲအခြေအနေ အသေးစိပ်ကိုမူမသိရသေးပေ။စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်နေကြောင်း သိရသည်။
ဝှေခါရွာစစ်တပ်စခန်းကုန်းကိုလည်း KIA၊KPDF ပူးပေါင်းတပ်ဖွဲ့ကဇန်နဝါရီ ၆ရက်နံနက် အစောပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုစခန်းမှ ရဲများသည် ဝှေခါရွာစစ်တပ်စခန်းကုန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။ ဝှေခါရဲစခန်းကုန်းတိုက်ခိုက်စဥ်နှင့် စစ်ကောင်စီစခန်းကုန်း တိုက်ခိုက်စဉ်တွင်ပါ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခုခံခဲ့သည်။
ဖားကန့်ဝှေခါ တပ်စခန်း တိုက်ပွဲ၌ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင် KIA သတင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။
KIAသည်ဇန်နဝါရီ ၁၉ ရက်ကလည်းကချင်ပြည်နယ်မန်စီမြို့နယ်မှ ခမရ(၄၂၄) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
KIA သည် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ နမ့်ဖက်ကာ ခမရ ၁၂၃ နှင့် မိုးမိတ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့ သို့ ရှမ်း-ကချင်-စစ်ကိုင်းအစပ်ရှိ မဘိမ်းတွင်လည်း ယနေ့မနက်တွင် ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲ ပြင်းထန်လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။