ဖားကန့်မြို့၊ ကံဆီးဒေသ အထက်ဘက်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၉) ထိန်းချုပ်နယ်မြေဘက်ကို စစ်တပ်က ဒီနေ့ညနေ ၄ နာရီအချိန်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
“လေယာဥ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ် ထိခိုက်သေဆုံးမှုတော့ ရှိတယ်ကြားတယ် အသေးစိတ်ပြန်ပြောပါ့မယ် “လို့ KIA တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဖားကန့်ဒေသမှာ အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAPDF တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး နေ့တိုင်းနီးပါးထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မိုးကောင်း-ဖားကန့် လမ်းမပေါ်ရှိ မအူပင်ကျေးရွာအနီးစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ KIA,PDF တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ ထိန်းချုပ်ရာ အနမ့်ပါဒေသကိုလည်း စစ်ကောင်စီတပ်က ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့ညပိုင်းအချိန်က စစ်တပ်ကလေယာဥ်နဲ့ လာရောက်ပစ်ခတ်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ သုံးဆယ်ကျော်သေဆုံးခဲ့ပါတယ်။