ရှမ်းမြောက်တွင် KIA မှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုင်ငံတကာစစ်သုံ့ပန်း စစ်ဥပဒေနှင့်အညီ လူသားခြင်းစာနာထောက်ထားကာ ဒေသလူမှုကူညီရေးအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။
ပြီးခဲ့သည့် ( အောက်တိုဘာ ၊ ၃၀ရက် ၊ ၂၀၂၃ခုနှစ် ) တွင် မန်တုံမြို့နယ် ၊ မိုင်းမော်ကျေးရွာ ၊ စစ်ကောင်စီ၏ ရှေ့တန်းထောက်ပို့ နမ့်ဟိုင်းစခန်းကို KIA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၊ စစ်သုံ့ပန်း(၁၇)ဦးဖမ်းဆီးရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
” မနေ့က ( နိုဝင်ဘာ ၊ ၅ ရက် ၊ ၂၀၂၃ခုနှစ် ) ကျွန်တော်တို့ နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းရုံးဖုန်းကို စစ်သုံ့ပန်း(၁၇)ဦးကို နိုင်ငံတကာစစ်သုံ့ပန်း စစ်ဥပဒေနှင့်အညီ သက်ဆိုင်ရာသို့ ပြန်လည်လွဲပြောင်းပေးဖို့ရှိလို့ ၊ ဘာမှကြောက်စရာမလိုဘူး အဆင်ပြေတဲ့နေရာတစ်ခုမှာ လာရောက်ခေါ်ယူပြီး သူတို့မိခင်တပ်ရင်း သို့မဟုတ် မိသားစုဝင်များထံ ကောင်းကောင်းမွန်မွန်ပြန်ပို့ပေးပါ ” လို့ဖုန်းခေါ်ဆိုမှုဝင်လာကြောင်း နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေး အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားလာပါသည်။
KIA ကဖမ်းဆီးမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးကို ကျွန်တော်တို့ နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းကနေ ကောင်းမွန်စွာ လွဲပြောင်းလက်ခံရရှိခဲ့ပါတယ် ၊ KIA တွေက သူတို့ကို စစ်သားပီပီ ကောင်းမွန်စွာထားပြီး ၊ လူသားဆန်စွာ ဆေးကုသပေးထားတာတွေ့ရတယ် ၊ စစ်သုံ့ပန်းဥပဒေနဲ့အညီလွဲပြောင်းပေးခဲ့တာပါ ၊ ဒါက တကယ်ကောင်းမွန်ပြီး လူသားခြင်းစာနာထောက်ထားမှု လူ့ကျင့်ဝတ်ကိုတန်ဖိုးထားတဲ့စံပြဖြစ်တယ်လို့ စစ်သုံ့ပန်းသွားရောက်လက်ခံစဉ် လိုက်ပါသွားသူ ရပ်မိရပ်ဖတစ်ဦးက ပြောကြားထားပါသည်။
KIA မှ စစ်ကောင်စီ စစ်သုံ့ပန်း(၁၇)ဦးကို ၊ နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတာဝန်ခံ ဦးအောင်ဆန်းမြင့်နှင့် အတူအဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများမှ ကား(၂)စီးဖြင့် အသိသက်သေများရှေ့တွင် လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း ၊ စစ်သုံ့ပန်းများလက်ခံရယူမှုနှင့်ပတ်သက်ပြီး ဆက်လက်သိရှိလိုသူများ နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေး အသင်း ၀၈၂-၈၇၁၄၇ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသူ နမ္မတူ လူမှုဝန်ထမ်းတစ်ဦးထံမှ သိရှိရပါသည်။