ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော် အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်များ၊ PDF တပ်ဖွဲ့ဝင်များနှင့် ဘာသာရေး အသင်းတော်များမှ ဆရာများကို ပုတ်ခတ်ခြိမ်းခြောက်ထားသည့် စာတစ်စောင်ထွက်ပေါ်လျက်ရှိရာ ယင်းစာကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ထုတ်ပြန်ထားခြင်း ဟုတ်၊မဟုတ် ဖြေရှင်းရန် ဗိုလ်ချုပ်ဂွန်မော်က ယနေ့ညပိုင်း၌ လူမှုကွန်ရက်မှ သတိပေးဖော်ပြသည်။
သတိပေး အကြောင်းကြားခြင်းဆိုသော စာတစ်စောင်ကို ဦးရွှေမင်းက ရေးသားထုတ်ပြန်သည့် ပုံစံဖြင့် ဖော်ပြထားရာ ယင်းစာတွင် ဗိုလ်ချုပ်ဂွန်မော်နှင့် နောက်လိုက်များ PDFများ၊ အသင်းတော်ဆရာများ မြစ်ကြီးနား မြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် သတိပေးလိုက်ကြောင်း ဖော်ပြထားသည်။
ထိုသို့ ရေးသားဖော်ပြရာ၌ “ချီးထုတ်”၊ “နောက်လိုက်နွား” စသည့် ရိုင်းစိုင်းယုတ်ညံ့သည့် စာသားများကို တွဲဖက်အသုံးပြုထားသည်။
ဇန်နဝါရီ ၁ရက်က ဦးရွှေမင်း၏ နေအိမ်ပစ်ခတ်ခံရမှု အပေါ် အခြေခံပြီး ရေးသားထားသည့် စာတွင် “ကျွန်ုပ်၏ နေအိမ်များအား မိန်းမလို မိန်းမရ လာရောက်ပစ်ခတ်သွားသော အမျိုးယုတ် ကချင်များ၊ PDF အဖွဲ့ဝင်များနှင့် ယောင်ဝါး အာသမား အသင်းတော် ဆရာအမည်ခံ ချီးထုတ်များ သိစေရန်၊ မင်းတို့ မိသားစု အသိုင်းအဝိုင်းတွေ ဘယ်မှာနေတယ် ဘာအလုပ်လုပ်တယ် ဆိုတာကအစ သိထားပြီးသားဖြစ်တယ်။ မင်းတို့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ် လုံခြုံမှုကို အာမမခံနိုင်ဘူး”ဟု ပါရှိသည်။
ထို့ပြင် KIA၊ PDFနှင့် အသင်းတော်ဆရာများ ၁၀ရက်အတွင်း မြစ်ကြီးနားမြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာခြင်း မပြုပါက အသက်ခန္ဓာအား တာဝန်မယူဟုဆိုကာ ဒူးလေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးရွှေမင်းသည် ဂွန်မော်၏ မိသားစုဝင်များနှင့် သူဦးဆောင်သော အဖွဲ့အား သုတ်သင်မည်ဟု ရေးသားထားသည်။
အဆိုပါစာကို ဗိုလ်ချုပ်ဂွန်မော်က လူမှုကွန်ရက် တွင်ဖော်ပြကာ ၎င်း၏ လက်ရေးမူဖြင့် ဦးရွှေမင်းသို့ လိပ်မူကာ မြစ်ကြီးနားတွင် ဖြန့်ဝေနေသော သတိပေး အကြောင်းကြားခြင်းစာသည် ဦးရွှေမင်း ထုတ်ပြန်သောစာ ဟုတ်၊မဟုတ် သိလိုပါသည်။မဟုတ်ပါက ဖေဖော်ဝါရီ ၈ရက်ည နောက်ဆုံးထား၍ မဟုတ်မှန်ကြောင်း ထုတ် ပြန် စေလိုပါသည်။
ဖေဖော်ဝါရီ ၈ရက် ညအထိ မထုတ်ပြန်ပါက ဤစာသည် ဦးရွှေမင်းထုတ်ပြန်သော စာဖြစ်သည်ဟု မှတ်ယူပါမည်ဟု ရေးသားထားပြီး ယနေ့ ဖေဖော်ဝါရီ ၅ရက်ညတွင် ဖော်ပြခဲ့သည်။
ဦးရွှေမင်း ခေါင်းဆောင်သည့် ပြည်သူ့စစ်သည် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့်အဖွဲ့ဖြစ်ပြီး KIAနှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။