အွန်လိုင်းပေါ်မှာ KNDF တပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ အလှူငွေ လိမ်တောင်းသူတွေရှိတာကြောင့် အလှူရှင်များအနေနဲ့ သတိထားပြီး စိစစ်လှူကြဖို့ KNDF တပ်ရင်း အမှတ် ၁၂က အသိပေးထုတ်ပြန်ပါတယ်။
တစ်ချို့လူတွေဟာ KNDF တပ်ရင်း ၁၂ ရဲ့ နာမည်ကို အလွဲသုံးစားပြုလုပ်ပြီး မိုးဗြဲဖယ်ခုံဘက်မှာ အလှူငွေတွေ လိမ်တောင်းနေတာကြောင့် အခုလို အသိပေးရတာဖြစ်တယ်လို့ KNDF တပ်ရင်း ၁၂ က ပြောပါတယ်။
KNDF တပ်ရင်း ၁၂ က ထုတ်ပြန်တဲ့ သတင်းအရ Khun Thomas ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်အတုဟာ အွန်လိုင်းပေါ်မှာ မိုးဗြဲနဲ့ KNDF တပ်ရင်း ၁၂ အတွက် ထောက်ပို့လုပ်နေလို့ ငွေကူပေးဖို့ ငွေလိုက်လိမ်နေတာကို တွေ့ရပါတယ်။
“KNDF B 12 ၏ တပ်ရင်းအမည်အား အလွဲသုံးစားပြုလုပ်၍ မိုးဗြဲ ဖယ်ခုံဖက်တွင် အလှူငွေတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု သိရပြီး မိဘပြည်သူအား သတိထားပေးကြပါရန် အသိပေးအပ်ပါသည်” လို့ KNDF တပ်ရင်း ၁၂ ကပြောပါတယ်။
အဆိုပါ Khun Thomas ဆိုတဲ့ အကောင့်အတုဟာ KNDF တပ်ရင်း ၁၂ ရဲ့ တပ်ဖွဲ့ဝင် မဟုတ်သလို တပ်ရင်းနဲ့ ပတ်သက်မှုလည်း မရှိဘူးလို့ အသိပေးချက်မှာဖော်ပြထားပါတယ်။
အသက်တွေကို ပေးဆပ်ပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေကို ခုတုံးလုပ်ပြီး အခုလို ငွေလိမ်စားနေတာတွေဟာ အောက်တန်းကျတဲ့ စိတ်ဓာတ်ရှိသူတွေသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“ဒီလိုလုပ်စားနေတဲ့သူတွေကို သင့်တော်တဲ့အချိန်မှာ အရေးယူရမှာဖြစ်တယ်။ အခုအချိန်မှာက မိဘပြည်သူတွေအနေနဲ့ကလည်း အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ကူညီလှူတာတွေကို လုပ်ပါလို့ တိုက်တွန်းချင်တယ်။” လို့ သူကပြောပါတယ်။