ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်၍ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း KNUဗဟို သတင်းပြန်ကြားရေးက ယနေ့နံနက်တွင် သတင်းထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်နှင့် ဆောထိ(ရွှေကျင်)မြို့နယ်တို့တွင် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအားပစ်မှတ်ထားပြီး ပြည်သူလူထုများနေထိုင်ရာ နေရာဒေသများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ အရပ်သားထိခိုက်မှုရှိသည့်အပြင် ကျေးရွာ (၈)ရွာမှ ဒေသခံပြည်သူ ၅,၆၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
မုန်းမြို့နယ် သစ်ချဆိပ်ကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ပစ်ခတ်၍ သစ်ချဆိပ်ကျေးရွာ၊ ဖိုးသောစုကျေးရွာ၊ မျက်ရဲကရင်ရွာ၊ မျက်ရဲဗမာရွာ၊ တိုင်ပင်ရွာ၊ ကျွန်းကုန်းရွာ၊ ဥသျှစ်ခင်ရွာ၊ ငလောက်တိုက်ရွာစသည့် ရွာ (၈) ရွာမှ ပြည်သူ ၅,၆၆၂ ဦးတိမ်းရှောင်နေကြရကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။
သို့သော် တိုက်ပွဲဖြစ်ပွားသည့်နေ့ရက်ကိုမူ ဖော်ပြမထားပေ။
ရွှေကျင်မြို့နယ်တွင်လည်း စစ်ကောင်စီက ဩဂုတ် ၃၀ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အင်းဗလာကျေးရွာအနီး လယ်ကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဩဂုတ် ၃၁ရက်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ချုံးအင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပျက်စီးကာ အရပ်သားတစ်ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
လက်နက်ကြီးများ ဆက်လက်ပစ်ခတ်၍ ချုံအင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့မှုများ ရှိသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရသေးဟုလည်း ဖော်ပြထားသည်။
ညောင်လေးပင်ခရိုင်အပါအဝင် KNUနယ်မြေများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။