ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေရှိ အရပ်သားပြည်သူများနေထိုင်ရာကျေးရွာအတွင်း စစ်ကောင်စီက ဂျက်လေယာဉ်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
မတ်လ ၁၉ ရက်နှင့် ၂၀ ရက်များအတွင်း စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်မှု အခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုရှိမရှိ ကို ဖော်ပြမထားပေ။
ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သားများ စစ်ရှောင်နေကြရဟု အသိပေးသည်။
ယမန်နေ့ နံနက်တွင် ဖာပွန်ခရိုင်(မူတြော်ခရိုင်) ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ဘော့ထာကျေးရွာအတွင်းအပြင်နှင့် လူသွားလမ်းပေါ်သို့ ဒရုန်း သုံးကြိမ်ဝဲပျံကာ ဒရုန်းသီး(၂၇)လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းရှိ စောခလီးလိုကျေးရွာအတွင်းသို့ ဒရုန်းသီး(၈)လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာအတွင်းသို့ ဒရုန်းသီး(၇၄)လုံးကြဲချခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကျေးရွာများကိုပင် ညနေပိုင်း၌ ဒရုန်းဗုံးသီး ၆၃လုံးထပ်မံကြဲချခဲ့ကြောင်း ထုတ်ပြန်သည်။
မတ်လ ၁၉ရက်ကလည်း လူသောမြို့နယ်၊ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီး(၅၀)လုံးကြဲချခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီသည်နှစ်ရက်အတွင်း ဒရုန်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ရာ ဗုံးသီး ၂၀၀ ကျော် အသုံးပြုခဲ့ကြောင်း ဖော်ပြသည်။
ထိုသို့ တိုက်ခိုက်ခံရသည့် ကျေးရွာများရှိ အိမ်ထောင်စု ၁၀၀ကျော်မှ လူဦးရေ ၁,၂၀၀ ကျော်သည်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြရကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။