ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် ပြည်သူ ခုနစ်သိန်းကျော်ရှိလာကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ ၇၁၇,၀၀၀ ကျော်ရှိလာသည်ဟု ဖော်ပြသည်။
အဆိုပါ စစ်ရှောင်များသည် KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ဒူးသထူ(သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင်များအတွင်းမှဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူလူထုများအနေဖြင့် နေရာထိုင်ခင်းအခက်အခဲများ၊ စားနပ်ရိက္ခာမလုံလောက်မှု အခက်အခဲများ၊ ဆေးဝါးမလုံလောက်မှုအခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ထုတ်ပြန်ထားသည်။
KNU ဗဟိုမှ နည်းလမ်းရှာစီစဉ်ပေးမှုဖြင့် စစ်ဘေးရှောင် ပြည်သူလူထု အိမ်ထောင်စု ငါးသောင်းခွဲခန့်မှ လူဦးရေ ၂၇၀,၀၀၀ခန့်အတွက် အခြေခံစားသောက်ကုန်နှင့် အခြားလိုအပ်ချက်များ
ကူညီပံ့ပိုးနိုင်ခဲ့သည်ဟု အသိပေးသည်။ ထိုသို့ ကူညီရာ၌ ဘတ် ၉သန်းခန့် အသုံးပြုခဲ့သည်ဟုဆိုသည်။
အထောက်အပံ့မရရှိသေးသည့် ပြည်သူလူထုများစွာကျန်ရှိနေသေးသည့်အတွက်ကြောင့် KNU မှ အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် အခြားလိုအပ်သည့်အကူအညီအထောက် အပံ့များရရှိရန်နည်းလမ်းရှာဖွေ ကြိုးစားနေသည်ဟု အသိပေးဖော်ပြသည်။
၂၀၂၃နှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်များမှ စစ်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်တိုးမြင့်လုပ်ဆောင်လာခြင်းနှင့်အတူ လူအခွင့်အရေချိုးဖောက်မှုအများအပြားကိုလည်း ဆက်လက်ကျူးလွန်လျှက်ရှိသည်ဟု ဆိုသည်။
တိုက်ပွဲများဖြစ်ပွားရာနေရာတွင်ရှိသော ဒေသခံပြည်သူများမှာ နေရပ်အိုးအိမ်များ၊ လုပ်ငန်းဆောင်တာများကို စွန်ခွားပြီး ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့များ များစွာလိုအပ်လျက်ရှိနေကြောင်း ထုတ်ပြန်သည်။
စစ်ရှောင်များအားကူညီလိုပါက KNU ဗဟို သတင်းပြန်ကြားရေးဌာနမှ တဆင့် ဆက်သွယ်နိုင်ကြောင်း ယခင်က အသိပေးထားသည်။