ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း နေရာ ၂ ခု က ရန်သူတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေး သွားတယ် လို့ ကေအဲန်ယူ မူတြော် ခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် မနက် ၆ နာရီအချိန် လယ်ကလေးကျိုးမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် ခမရ(၃၄၉) တပ်ရင်းက စခန်းစွန့်ခွာပြီး ကျူလူမှာ တပ်စွဲထားတဲ့ ရန်သူတပ်ဖွဲ့တွေနဲ့ ပြန် လည်သွားရောက်ပေါင်းစည်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကျူလူစခန်း ဖေဖော်ဝါရီ ၁၁ ရက် မနက် ၆ နာရီ အချိန်မှာ ထပ်မံစွန့်ခွာကာ အတွင်းပိုင်းကျတဲ့ ရန်သူရဲ့ မော်ဖူး ဗျူဟာ စခန်းကို ပြည်လည်ဆုတ်ခွာ ပေါင်းစည်းသွားခဲ့တယ်လို့ ဖော်ပြပါတယ်။
နယ်မြေကျူးကျော်ဝင်ရောက် တပ်စွဲထားတဲ့ ရန်သူရဲ့ ရှေ့တန်းတပ် စခန်းတွေကို KNLA ကအချိန်ကြာမြင့်စွာ ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ မှုကြောင့် စစ်ကြောင်းထိုးရာလမ်းတွေ၊ စားနပ် ရိက္ခာပို့ဆောင်ရာလမ်းတွေနဲ့ သောက်ရေးဆင်းခပ်ရာလမ်းကြောင်းတွေက မြေပြင်ခရီး၊ ခြေလျင်ခရီးတွေ အသုံးပြုသွားလာနိုင်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်တွေသာ အသုံးပြုနေရတဲ့ အခြေအနေအပေါ် ရေရှည် မစွမ်းနိုင်ဘဲ ရန်သူတပ်စခန်းတွေ အလျှိုလျှို ရုတ်သိမ်းပြီး ၊မနီး မဝေး ရှိ ဗျူဟာစခန်း တွေနဲ့ သွားရောက် ပေါင်းစည်းခဲ့တာ ဖြစ်တယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ အဆိုပါ ရန်သူရဲ့ မောဖူး ဗျူဟာ စခန်းကိုလည်း KNLA တပ်မဟာ(၅)နဲ့ပူးပေါင်းအဖွဲ့တွေက အပြင်း အထန်ဝိုင်းဝန်းပိတ်ဆို့နေတယ်လို့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လယ်ကလေးကျိုးစခန်းဟာ ၁၉၉၇ ခုနှစ်ထဲက လာရောက်အခြေချတပ်စွဲထားတဲ့ စခန်းတခုဖြစ်ပြီး၊ ကျူလူးစခန်းမှာမူ ၂၀၀၇ ခုနှစ်မှာ လာရောက်တပ်စွဲထားတဲ့ စခန်းဖြစ်ကာ၊ အခု တပ်စခန်း ၂ ခုကို အချိန်တို ကာလတရက်ခြား အတွင်းမှာပင် ရုတ်သိမ်းစွန့်ခွာသွားတာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။