ကရင်အမျိုသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့၍ အရပ်သားသေဆုံးမှု ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်ခဲ့ရကြောင်း KNUက အသိပေးထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၃ရက် တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ရှမ်းစုရွာအပိုင်ရှိ လယ်ကွင်း (ချောင်းဝရွာ တဖက်ကမ်းရှိ) လယ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်လုပ်ငန်း လုပ်ကိုင်နေသူ အသက်(၅၄)နှစ်အရွယ် အမျိုးသားထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ရသည်ဟု ဖော်ပြသည်။
ထို့ပြင် နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်ကလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူအချို့ကို ဖမ်းဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်။
ကျောက်ကြီး(လယ်ဒို)မြို့နယ် သူဌေးကုန်းရွာကားလမ်း၌ ဂိတ်ချထားသည့် စစ်ကောင်စီတပ်က
မြို့ပေါ်သို့ ဆိုင်ကယ်ပစ္စည်းသွားဝယ်သည့် ငဖယ်အင်းကျေးရွာသား နှစ်ဦးကိုအကြောင်းမဲ့ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးခြင်းမရှိသေးဟု အသိပေးသည်။
ထို့ပြင် KNU မူး(မုန်း)မြိ့နယ်တွင်လည်း နိုဝင်ဘာ ၁၂ရက်က စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီး ၈လုံးပစ်ခတ်ခဲ့ရာ သင်နှီးကျောင်းကျေးရွာ၊ ဝက်တူးကျေးရွာ၊ ကျီးပင်ပေါက်ကျေးရွာ၊ သင်္ကန်းပင်ကျေးရွာနှင့် သောင်ကြီးကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
သင်နှီးကျောင်းကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲမှုတွင် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။ ထို့ပြင် နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၁၃ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်က ဂွေးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သည်။
စစ်ရေးတင်းမာနေသည့် ညောင်လေးပင်ခရိုင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးများ နေ့စဉ်မပြတ် ပစ်ခတ်လျက်ရှိပြီး မြို့ပေါ်သို့ ဈေးသွားဝယ်သည့် ပြည်သူလူထုများကိုလည်း ဖမ်းဆီးခြင်း၊ အတင်းအဓမ္မပစ္စည်းသိမ်းယူခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျှက်ရှိသည်ဟု KNUက အသိပေးထားသည်။