ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ကော့သောင်း-မြိတ် လမ်းပိုင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးကာ လက်နက် ၂လက်ရရှိခဲ့ဟု KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
မေလ ၁ရက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို တပ်မဟာ(၄) တပ်ရင်း(၁၁)နယ်မြေ၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
” ကော့သောင်းနဲ့ မြိတ်လမ်းပေါ်မှာ လာတဲ့ ရန်သူကို ကျနော်တို့ တပ်က တိုက်တယ်။ ပြီးတော့ မေလ ၂ရက်နေ့မှာ အဲဒီနေရာပြန်ရှင်းတဲ့ အချိန်မှာ ရန်သူအလောင်း တစ်လောင်းတွေ့တယ်။ပြီးတော့ အဲဒီ ရန်သူရဲ့ MA4 79 တွဲတစ်လက်၊ MA2 စက်လက်တစ်လက်နဲ့ အခြား RPG သီးတွေ ဗုံးသီးတွေ ရတယ်ပေါ့နော်။ ရန်သူတော့ ခန့်မှန်း နှစ်ယောက်၊ သုံးယောက်တော့ သေမယ်။ ပြီးတော့ တခြားလည်းဒဏ်ရာရမယ်”ဟု ပဒိုစောအယ်နားက ပြောသည်။
သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများ၏ ဓာတ်ပုံမှတ်တမ်းကိုလည်း တပ်မဟာ(၄)က ထုတ်ပြန်သည်။
KNU တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား အချို့ အလင်းဝင်ခြင်းရှိသကဲ့သို့ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်သားအချို့ တိုက်ပွဲအတွင်းအထိနာပြီး တပ်ရင်းအလိုက် လက်နက်ချခြင်း၊ စစ်ကောင်စီတပ်စခန်း တစ်ခုလုံးစခန်းစွန့် ထွက်ပြေးခြင်းများ ရှိခဲ့သည်။