ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ (၃) နယ်မြေအတွင်းက မူးမြို့နယ်ထဲမှာ အခုလအတွင်း စစ်ဘေးတိမ်းရှောင်ရတဲ့ပြည်သူ ၂ သောင်းကျော်ရှိလာတယ်လို့ KNU က မနေ့ မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ညောင်ပင်သာကျေးရွာ အနီးတဝိုက်က ကျေးရွာ (၁၈) ရွာမှာရှိတဲ့ ပြည်သူ (၂၁၈၈၀) ဦးဟာ အခုလ (၁၀) ရက်နေ့ကစပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
အဆိုပါကျေးရွာတွေမှာ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနဲ့ တပ်ကုန်းရွာ တို့ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေလ ၂၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ မူးမြို့နယ်ထဲက နောင်ကုန်းကျေးရွာတွင်းကို ဒရုန်းနဲ့ (၂) ကြိမ်ပစ်ခတ်တာကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ လူနေအိမ် (၂) လုံးနဲ့ ထင်းတဲ (၁) လုံးပျက်စီးခဲ့ရပြီး ကျေးရွာထဲက လူဦးရေ ၈၀၀ နီးပါး အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
မူးမြို့နယ်က ကျေးရွာတွေထဲကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဒေသခံတွေ အပြီးအပိုင်နေရပ်စွန့်ခွာနေရတဲ့ကျေးရွာ အမြောက်အများရှိတယ်လို့လည်း သိရပါတယ်။
အဆိုပါဒေသခံတွေ နေရပ်စွန့်ခွာခဲ့တဲ့ ကျေးရွာက နေအိမ်တွေဟာလည်း စစ်တပ်က မီးရှို့ဖျက်ဆီးတာနဲ့ တောမီးလောင်ကျွမ်းတာတွေကြောင့် ရွာလုံးကျွတ်ပြာကျခဲ့ရတာတွေရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။