KNU တပ်မဟာ(၅)မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေး မဟာမိတ်တို့ ဧပြီ ၁ လတာ တိုက်ပွဲအတွင်း ရန်သူ တပ်သား ၆၄ ဦးသေဆုံးခဲ့ပြီး၊ ရန်သူ စခန်း ငါးခု စွန့်ခွာ ထွက်ပြေး သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ(၅) KNLA / မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ နဲ့ အကြမ်းဖက်စစ်တပ်တို့ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ထိတွေ့တိုက်ပွဲ ၁၇၅ ကြိမ်ဖြစ်ပွားခဲ့ရာမှ ရန်သူ ၆၄ ဦး သေဆုံးပြီး၊ ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။၊
အကြမ်းဖက်စစ်ကောင်စီ တပ်များ လာရောက် အခြေချ တပ်စွဲ နေတဲ့ သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုးကျိုး၊ ဟော်မုဲ၊ မယ်ဝေဘလယ်ကျိုး စခန်း ၅ ခုအား ရန်သူတပ်သားများမှ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
ရန်သူစစ်အုပ်စုမှ ဂျက်တိုက်လေယာဥ်နဲ့ ၄၂ ကြိမ် တိတိ ဗုံးဆံ များကြဲချခဲ့တဲ့အတွက် အရပ်သား တဦး ထိခိုက်ဒဏ်ရာရခဲ့ကာ၊ လူနေအိမ်၊ အိမ်မွေးတရိစ္ဆာန်၊ သီးနှံစားပင်များ ထိခိုက် ပျက်စီး ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။